ရန်ကုန်မြို့ ပတ်လည်က မြို့နယ်တွေနဲ့ ပင်လယ်ကမ်းရိုးတန်းဒေသတွေ အားလုံးမှာ မုန်တိုင်း ကာကွယ်နိုင်တဲ့ ကြိုးဝိုင်းသစ်တောတွေ တည်ဆောက်ဖို့ ပြင်ဆင်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။
“ရန်ကုန်မြို့ကို ဝိုင်းပတ်ထားတဲ့ မြို့နယ်တွေနဲ့ ပင်လယ်ကမ်းရိုးတန်း ဒေသအားလုံးမှာ မုန်တိုင်းကာနိုင်တဲ့ ကြိုးဝိုင်းတွေ တည်ဆောက်ဖို့ ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်” လို့ ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းကျေးရွာမှာ စက်တင်ဘာ ၁၁ ရက်နေ့က ပြုလုပ်တဲ့ ပျိုးပင်သုံးသိန်းဆံ့ ဒီရေတော ပျိုးဥယျာဉ်ဖွင့်ပွဲမှာ သူက ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးရဲ့ ပင်လယ်ကမ်းရိုးတန်းဒေသ ဒီရေတောများ ထိန်းသိမ်းခြင်းနဲ့ စိုက်ပျိုးပြုစုခြင်း စီမံကိန်း လုပ်ငန်းတွေ စတင်ဆောင်ရွက်သည့် အထိမ်းအမှတ်အဖြစ် အဲဒီပျိုးဥယျာဉ်ကို သစ်တောဦးစီးဌာန၊ Worldview International Foundation၊ We Forest အဖွဲ့နဲ့ ဒေသခံပြည်သူအစုအဖွဲ့ သစ်တောလုပ်ငန်း အသုံးပြုသူအဖွဲ့ဝင်တွေ ပူးပေါင်းပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ကြိုးပြင် ကြိုးဝိုင်းတွေကို တည်ဆောက်မယ်။ ဒီရေရောက်တောတွေကို တည်ဆောက်မယ်ဆိုရင် ဒီနေရာကနေ ဒေသခံတွေအတွက် အခွင့်အလမ်းတွေ များစွာရှိပါတယ်။ ငါးရှာဖွေပြီးတော့ ရောင်းဝယ်နိုင်တဲ့ လုပ်ငန်းတွေ၊ ငါးပုဇွန်လုပ်ငန်းတွေဟာ ဒီနေရာမှာ အလုပ်ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒီ့အပြင် ကြိုးဝိုင်းတွေရဲ့ ကာကွယ်ပေးထားမှုကြောင့် ပြည်သူလူထုတွေအတွက် သဘာဝဘေးအန ္တရာယ်ကို ကာကွယ်ခွင့်ရမှာ ဖြစ်ပါတယ်”လို့လည်း ဦးဖြိုးမင်းသိန်းက ဆက်လက် ပြောကြားပါတယ်။
ကွမ်းခြံကုန်းနဲ့ ကော့မှူးမြို့နယ်တွေမှာ နိုင်ငံတကာဆိပ်ကမ်းကြီးတွေ တည်ဆောက်ဖို့ ပြင်ဆင်နေပြီး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေသလို သဘာဝဘေးအန္တရာယ်တွေ မကျရောက်ဖို့လည်း လိုအပ်တယ်လို့ သူက ပြောပါတယ်။ မြန်မာနိုင်ငံဟာ ရာသီဥတု အပြောင်းအလဲဒဏ်တွေကို အကြီးအကျယ် ခံနေရပြီး ပင်လယ်ကမ်းရိုးတန်းဒေသတွေ မုန်တိုင်းဒဏ်မသင့်ဖို့ လေကာထားနိုင်ရေးက အလွန်အရေးကြီးတယ်လို့ သူက ပြောပါတယ်။
အဲဒီ ပျိုးဥယျာဉ်မှာ ကန့်ပလာ၊ လမု၊ သမဲ့ကြီး၊ ဗြူးဟုပ်ဆောင်း၊ ဗြူးခြေထောက်အပို၊ မဒမမျောနဲ့ ဗြူးရွှေဝါပင်တွေကို ပျိုးပင်တွေအဖြစ် စိုက်ပျိုးသွားမယ်လို့ သိရပါတယ်။