ရန်ကုန်မြို့တွင်း၌ ယာဉ်ရပ်နားခ ပြန်လည်ကောက်ခံမှု နိုဝင်ဘာ စမည်

ရန်ကုန်မြို့တွင်းမြို့နယ်တွေမှာ ယာဉ်ရပ်နားခကောက်ခံဖို့အတွက် ဇုန်သုံးဇုန်မှာ တင်ဒါ ပြန်လည် ခေါ်ယူထားတာကြောင့် နိုဝင်ဘာ ၁ ရက်နေ့မှ စတင်ကောက်ခံမယ်လို့ မြို့တော်ဝန်က ပြောပါတယ်။

ယာဉ်ရပ်နားခ ကောက်ခံဖို့အတွက် ရန်ကုန်မြို့တွင်းမြို့နယ်တွေက လမ်းမကြီးတွေနဲ့ အမည်တပ်လမ်းမကြီးတွေကို ဇုန်ရှစ်ဇုန် ပိုင်းခြားသတ်မှတ်ပြီး သြဂုတ် ၂၂ နဲ့ ၂၃ ရက်နေ့တွေမှာ နိုင်ငံပိုင်သတင်းစာတွေကနေတစ်ဆင့် ဈေးပြိုင်တင်ဒါ ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့် အဲဒီဇုန် ရှစ်ဇုန်ထဲက ဇုန်ငါးဇုန်ပဲ တင်ဒါအောင်မြင်ခဲ့ပြီး ကြမ်းခင်းဈေး ပြည့်မီခြင်းမရှိတဲ့ ဇုန်သုံးဇုန်အတွက် တင်ဒါပြန်လည်ခေါ်ယူခဲ့တယ်လို့ မြို့တော်ဝန် ဦးမောင်မောင်စိုးက အောက်တိုဘာ ၉ ရက်နေ့မှာ တိုင်းဒေသကြီးလွှတ်တော်ကို ပြောကြားပါတယ်။

“တင်ဒါအောင်မြင်ပြီး လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိသူနှင့် စာချုပ်ချုပ်ဆိုသည့်အခါ ယာဉ်ရပ်နားခ ကောက်ခံမှုနှင့် ပတ်သက်၍ စနစ်တကျ ရှိစေရန်အတွက် အဓိက လိုအပ်ချက်များကို ထည့်သွင်းချုပ်ဆိုသွားမည်ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

ဒါ့အပြင် တင်ဒါမအောင်မြင်တဲ့ ဇုန်တွေကို တင်ဒါထပ်မံခေါ်ယူထားတာကြောင့် ယာဉ်ရပ်နားခ ကောက်ခံခြင်းလုပ်ငန်းကို တချိန်တည်းဖြစ်စေရန် နိုဝင်ဘာ ၁ ရက်နေ့ကနေ ၂၀၁၉ ခုနှစ်၊ မတ် ၃၁ ရက်နေ့အထိ ငါးလသတ်မှတ်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အဲဒီကာလပြီးဆုံးတဲ့အချိန်မှာ “ပိုမိုခေတ်မှီ၍ စနစ်ကျသော Smart Car Parking System ဆောင်ရွက်နိုင်ရန်” စီစဉ်ထားတယ်လို့လည်း သူက ပြောပါတယ်။

ရန်ကုန်မြို့တွင်း မြို့နယ်တွေမှာ ယာဉ်ရပ်နားခတွေ ကောက်ခံမှုကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့မှာ ရပ်နားလိုက်ပြီး အခမဲ့ ရပ်နားခွင့် ပြုခဲ့ပါတယ်။

ဒါပေမယ့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့က ကျင်းပတဲ့ အစည်းအဝေးမှာ ရန်ကုန်မြို့ CBD (Central Business District) ဧရိယာအတွင်း ယာဉ်ရပ်နား ကန့်သတ်ဇုန် ရှစ်ဇုန်သတ်မှတ်ပြီး နံနက် ၈ နာရီကနေ ညနေ ၆ နာရီအတွင်း ယာဉ်ရပ်နားခ တစ်နာရီကို ကျပ် ၂၀၀ ကောက်ခံဖို့အတွက် လုပ်ငန်းရှင်တွေကို လေလံခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

“၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်က လမ်းဘေးဈေးသည်များ အကောက်ခွန်များ ကောက်ခံခြင်း၊ ယာဉ်ရပ်နားခများ ကောက်ခံခြင်းလုပ်ငန်းများကို ဖျက်သိမ်းလိုက်ခြင်းကြောင့် နိုင်ငံတော်က ရသင့်ရထိုက်သော ဘဏ္ဍာငွေများ မရရှိခဲ့ကြောင်း၊ အစိုးရမှ ယာဉ်ရပ်နားခကောက်ခံခြင်း မရှိသော်လည်း တရားမဝင် ကောက်ခံမှုများကြောင့် ထိုသူများသာ အကျိုးအမြတ်ရှိခဲ့ပြီး နိုင်ငံတော်သို့ ဘဏ္ဍာငွေ ဝင်ရောက်ခြင်း မရှိခဲ့ကြောင်း၊ သို့ဖြစ်ပါ၍ ယခုအခါ နိုင်ငံတော်ဘဏ္ဍာငွေရရှိရန် ရည်ရွယ်၍ ကောက်ခံခြင်းဖြစ်ကြောင်း” ဦးမောင်မောင်စိုးက လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သူက “နိုင်ငံတော်ဘဏ္ဍာငွေ ရအောင်ရှာနေခြင်းမဟုတ်ဘဲ လွတ်သွားသော ဘဏ္ဍာငွေများ ပြန်လည်ရရှိရန် ဆယ်ယူနေခြင်း ဖြစ်ကြောင်း၊ နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိသာကောက်ခံမည် ဖြစ်သောကြောင့် မိမိအိမ်ရှေ့နေရာဟု သဘောမထားဘဲ Public Area တွင် ရပ်နားသောကြောင့် ပေးဆောင်ရသည်ဟု မှတ်ယူသင့်ပါကြောင်း” ပြောကြားခဲ့ပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar