ရန်ကုန်တွင် ပေါက်ကွဲမှုများနှင့် ပတ်သက်ပြီး လူသုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထား

ရန်ကုန်မြို့တွင် ပြီးခဲ့သည့် ရက်များအတွင်း ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများနှင့် ပတ်သက်ပြီး လူသုံးဦးကို ဖမ်းဆီးထားကာ ရခိုင်ပြည်နယ်ရှိ အကြမ်းဖက်မှုများနှင့် ဆက်စပ်မှုရှိမရှိ စုံစမ်းစစ်ဆေးနေသည်ဟု ရဲတပ်ဖွဲ့ကို ကိုးကားပြီး အေအက်ဖ်ပီသတင်းတွင် နိုဝင်ဘာ ၂၆ ရက်နေ့က ရေးသားထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက်နေ့က စတင်ကာ ရန်ကုန်မြို့တွင် ပေါက်ကွဲမှု လေးကြိမ်ဖြစ်ပွားခဲ့သည်။ ပထမဆုံး ပေါက်ကွဲမှုမှာ နိုဝင်ဘာ ၁၇ ရက်နေ့က ရန်ကုန်မြို့၊ ပြည်လမ်းပေါ်ရှိ Ocean Super Centre တွင်ဖြစ်ကာ နိုဝင်ဘာ ၂၀ ရက်နေ့တွင် ဒေါပုံမြို့နယ်ရှိ Capital Hypermarket ၌ ပေါက်ကွဲမှုများ ထပ်မံဖြစ်ပွားခဲ့သည်။ ထို့နောက် နိုဝင်ဘာ ၂၄ ရက်နေ့တွင် တောင်ဒဂုံရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အား ဦးစီးဌာန၊ မြို့နယ်မှူးရုံးတွင် ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့သည်။ နိုဝင်ဘာ ၂၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးဝင်းအတွင်း ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အဆိုပါ ပေါက်ကွဲမှုများကို ကျူးလွန်ခဲ့သည်ဟုဆိုသူများကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

ပေါက်ကွဲမှုများမှာ M150 အချိုရည်ပုလင်းအတွင်း ဓာတုဗေဒပစ္စည်းများ ထည့်သွင်းကာ ဖောက်ခွဲခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ထို့ပြင် ပေါက်ကွဲမှုအချို့တွင် မသင်္ကာသူ၏ ပုံရိပ်များကို လုံခြုံရေးကင်မရာများမှတစ်ဆင့် ရရှိထားပြီးဖြစ်ကာ ရဲစခန်းများသို့ ဖြန့်ဝေထားပြီး ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေသည်ဟု ရဲတပ်ဖွဲ့က Frontier ကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်က ပြောကြားခဲ့ဖူးသည်။ အဆိုပါ ပေါက်ကွဲမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးတစ်ယောက်မှ မရှိခဲ့ပေ။

ထို့ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာတွင် ရှိနေသည့် အမျိုးသမီးတစ်ဦးကို မေးမြန်းစစ်ဆေးပြီးနောက် သင်္ကန်းကျွန်းမြို့နယ်တွင် အမျိုးသားသုံးဦးကို နိုဝင်ဘာ ၂၅ ရက်နေ့က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီကို ပြောကြားသည်။

“မသင်္ကာသူသုံးယောက်ကို ဗုံးလုပ်တဲ့ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးထားပြီး ဖြစ်ပါတယ်” ဟု အမည်မဖော်လိုသူ အဆိုပါအရာရှိက အေအက်ဖ်ပီကို ပြောကြားသည်။ ဖောက်ခွဲရေးပစ္စည်းများ ပြုလုပ်ခဲ့သည်ကိုလည်း ၎င်းတို့က ဝန်ခံထားပြီးဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

“ရခိုင်ပြည်နယ်က အကြမ်းဖက်သမားတွေနဲ့ ဆက်စပ်မှုရှိမရှိကို ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်” ဟု ၎င်းကပြောကြားသည်။

အဆိုပါ ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး အစိုးရက တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar