နိုဝင်ဘာ ၂
ကိုယ်ဝန်ဆောင်သည် နိုင်ငံခြားသူတစ်ဦးတွင် ကူးစက်ခံထားရသည့် ဇီကာဗိုင်းရပ်မှတစ်ဆင့် ရန်ကုန်မြို့ရှိ အခြားသူများသို့ ကူးစက်မှုပြန်န့ှံမှုရှိမရှိကို ကျန်းမာရေးဌာနအနေဖြင့် အတည်မပြုနိုင်သေးကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးဦးစီဌာနနှင့် ခြင်မှဖြစ်ပေါ်တက်သောရောဂါများကာကွယ်နှိမ်နင်းရေးဌာနတို့မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ခြင်မှဖြစ်ပေါ်တက်သောရောဂါများ ကာကွယ်နှိမ်နင်းရေးဌာနတို့ ပူးပေါင်းကာ နိုဝင်ဘာ ၁ ရက်နေ့က ကျင်းပသည့် ခြင်ကြောင့်ကူးစက်နိုင်သည့်ရောဂါများ ထိန်းချုပ်ကာကွယ်ခြင်းဆိုင်ရာ ဟောပြောပွဲတွင် ဌာနတာဝန်ရှိသူတို့က Frontier Myanmar ကို ပြောကြားခြင်းဖြစ်သည်။
“ဇီကာကူးစက်ခံရသူ အမျိုးသမီးနေသွားတယ်ဆိုတဲ့အချိန်ကစပြီး အဲဒီနေရာမှာ ထပ်ပြီး ကူးတယ်လို့ သံသယရှိတဲ့သူတစ်ဦးမှ အခုချိန်ထိ မတွေ့သေးပါဘူး။ ပျံ့နေပြီလား မပျံ့ဘူးလားဆိုတာကိုတော့ ပြောလို့မရပါဘူး” ဟု ခြင်မှဖြစ်ပေါ်တက်သောရောဂါများ ကာကွယ်နှိမ်နင်းရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအေးမွန်ကျော်က Frontier ကို ပြောသည်။
ဇီကာဗိုင်းရပ်ကူးစက်ခံရသည်ဟု သံသယရှိသူ ငါးဦးတွင် လေးဦးမှာ ရောဂါလက္ခဏာများ ပြသခြင်းမရှိသည့်အတွက် ကူးစက်ခံရသူနေထိုင်ခဲ့သည့် ပတ်ဝန်းကျင်များတွင် ထပ်မံကူးစက်မှုရှိမရှိကိုမူ တစ်ဦးခြင်း စစ်ဆေးနိုင်ခြင်း မရှိသလို၊ ဖျားနာသူများရှိပါမှသာ ဇီကာကူးစက်ခံရမှုရှိမရှိကို စမ်းသပ်စစ်ဆေးနိုင်မည်ဖြစ်သည်ဟုလည်း ၎င်းကပြောသည်။
ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီဌာန၊ ဒုဦးစီးမှူး ဒေါ်ခင်နန်းမွန်ကလည်း “အခုချိန်အထိ ဇီကာဗိုင်းရပ်လက္ခဏာ ပြတဲ့သူမရှိသေးပါဘူး။ နောက်ထပ်ကူးစက်ခံရတဲ့သူ မရှိသေးပါဘူး။ ရောဂါပိုးရှိတဲ့ ခြင်နိမ်နင်းရေးကိုလည်း သတ်မှတ်ချက်တွေအတိုင်း လုပ်ကိုင်ထားပြီးသွားပါပြီ” ဟု ပြောကြားသည်။
စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက ခြင်နှိမ်နင်းရေးလုပ်ငန်းများတွင် ပြည်သူများ ပူးပေါင်းပါဝင်လုပ်ဆောင်ကြရန် တိုက်တွန်းလိုက်သည်။
“အခုဇီကာကို ကျန်းမာရေးဝန်ထမ်းတွေသာမကပဲ ကျွန်တော်တို့အားလုံး သေချာခြင်နိမ်နင်းရေးလုပ်ငန်းတွေမှာ ပါဝင်ပူးပေါင်းပြီး လုပ်ဖို့လိုပါတယ်။ အခုအချက်အလက်တွေအရတော့ ထပ်မံကူးစက်ခံရသူ လုံးဝမရှိသေးပါဘူး” ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံတွင် ပထမဆုံးဇီကာဗိုင်းရပ်ကူးစက်ခံရသူ နိုင်ငံခြားသူ အမျိုးသမီးနေထိုင်ခဲ့သည့် ပတ်ဝန်းကျင်၏ ကိုက် ၃၀၀ အတွင်း ခြင်၊ ပိုးလောက်လန်းနှိမ်နင်းရေးနှင့် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို သတ်မှတ်စံနှုန်းများအတိုင်း လုပ်ဆောင်ထားပြီးလည်းဖြစ်သည်ဟု ၎င်းကဆိုသည်။
အဆိုပါ အမျိုးသမီး နေထိုင်နေသည့် နေရာပတ်ဝန်းကျင်နှင့် ယခင်က သွားရောက်နေထိုင်ခဲ့သည့် နေရာများဖြစ်သည့် စမ်းချောင်းမြို့နယ်အပါအဝင် ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံးကို ကျန်းမာရေးဝန်ထမ်းများအပါအဝင်၊ သက်ဆိုင်ရာဌာနများဖြင့်ပူးပေါင်းကာ စောင့်ကြည့်ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ကိုင်နေကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရသည်။
ယခုရောဂါဖြစ်ပွားမှုမှာ ပြည်တွင်းတွင် ပထဆုံးဖြစ်သော်လည်း စင်ကာပူနှင့် ထိုင်းနိုင်ငံတို့တွင် မြန်မာနိုင်ငံသားတစ်ဦးစီလည်း ဇီကာဗိုင်းရပ် ကူးစက်ခံထားသူများတွင် ပါဝင်နေပြီး ၎င်းနိုင်ငံများတွင် ကျန်းမာရေးစောင့်ရှောက်မှုများကို ခံယူနေသည်ဟု သိရသည်။
ခြင်မှတဆင့် ကူးစက်တတ်သော အဆိုပါရောဂါအတွက် ကာကွယ်ဆေးမပေါ်သေးဘဲ ရောဂါလက္ခဏာ သက်သာစေရန်သာ ကုသနိုင်သေးသည်။ ကူးစက်ခံရပါက သားသမီးမွေးသောအခါ ဦးနှောက်သေးငယ်သော ကလေးငယ်များ မွေးဖွားလာမည်ဖြစ်ရာ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့်ပင် ကုလသမဂ္ဂက သတိပေး နှိုးဆော် တပ်လှန့်ထားသည်။
အဆိုပါရောဂါကို သယ်ဆောင်သည့်ခြင်မှာ သွေးလွန်တုပ်ကွေးရောဂါကို သယ်ဆောင်သည့် အေဒီးစ် ခြင်ကျားအမျိုးအစားဖြစ်သည်။
သတင်း-ဟိန်းကိုစိုး