ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း အငှားစက်ဘီးများထားရှိရန် အစီအစဉ်အတွက် စစ်တမ်းကောက်ယူ

ရန်ကုန်၊ မေ ၁၁

ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းအတွင်း အငှားစက်ဘီးများထားရှိရန်အတွက် စစ်တမ်းကောက်ယူခဲ့ရာ ဖြေဆိုခဲ့သည့် ကျောင်းသူ၊ ကျောင်းသားများ၏ ၉၆ ရာခိုင်နှုန်းခန့်က သဘောကျ နှစ်ခြိုက်ကြသည်ဟု အဆိုပါအစီအစဉ်ကို အကောင်အထည်ဖော်ရန် ပြင်ဆင်နေသည့်အဖွဲ့က ပြောကြားသည်။

ထိုအစီအစဉ်ကို စီးပွားရေးအတွက် မဟုတ်ဘဲ ရန်ကုန်မြို့တွင် စက်ဘီးစီးသော ယဉ်ကျေးမှု ရှိလာစေရန် ရည်ရွယ်ချက်ဖြင့် Bikes In Yangon Campaign အဖွဲ့က စစ်တမ်းကောက်ယူခဲ့ခြင်း ဖြစ်သည်။ ကျောင်းဝင်းအတွင်းရှိ အဆောင်နေ ကျောင်းသူ၊ ကျောင်းသားအများစုနှင့် ကျောင်းဝန်ထမ်း စုစုပေါင်း ၁,၀၀၀ ဦးကို အွန်လိုင်းမှအပြင် ကျောင်းဝင်းအတွင်း၌ပါ အချိန်နှစ်လပေး၍ စစ်တမ်းကောက်ခဲ့သည်။

“ဒီဆားဗစ် (ဝန်ဆောင်မှု) ပေးခွင့်ရခဲ့ရင် ပထမတစ်နှစ်မှာ စာသင်နှစ် နှစ်တစ်ဝက်အတွက် ၆,၀၀၀ ကျပ်နဲ့ မနက်ကနေ ညနေထိ ချက်ပွိုင့် ငါးခုနဲ့ထားမယ်။ ယူပြီး ကြိုက်တဲ့နေရာမှာ ပြန်ထားပေါ့။ အပြင်လူတွေအတွက် တစ်နာရီ ၁,၀၀၀ နှုန်းနဲ့ ငှားသွားမယ်။ ဖော်ရိန်နာတွေကိုတော့ တစ်နာရီ ၃,၀၀၀ နှုန်းနဲ့ ငှားသွားမှာပါ။ နောက်ပြီး စနေ၊ တနင်္ဂနွေပိတ်ရက်တွေမှာဆိုရင် စက်ဘီးစီးသင်ချင်သူတွေအတွက် သက်သာတဲ့ နှုန်းထားတစ်ခုနဲ့ သွားမယ်ပေါ့” Bikes In Yangon အဖွဲ့ခေါင်းဆောင် ကိုရင်မောင်က ပြောကြားသည်။

စစ်တမ်းဖြေဆိုသူ စုစုပေါင်း၏ ၅၄ ဒသမ ၂ ရာခိုင်နှုန်းက စက်ဘီးပတ်စီးရန် စိတ်အားသန်ကြပြီး၊ ကျန်သူများကမူ စာကြည့်တိုက်သွားရန်၊ ကျောင်းကန်တင်းသွားရန်၊ မိတ္တူဆိုင်သွားရန်နှင့် အဆောင်မှ ကျောင်းစာသင်ခန်းသို့သွားရန် အသုံးပြုလိုကြသည်ဟု ဖြေဆိုခဲ့ကြသည်။

သို့သော် အငှားစက်ဘီးငှားထားရှိခွင့်ရရန် အခက်အခဲများရှိသလို၊ အန္တရာယ်ရှိသည်ဟုဆိုကာ မနှစ်သက်သူအချို့လည်း ရှိသည်ဟုဆိုသည်။

“အခက်အခဲကတော့ ပါမစ်ရှင် (ခွင့်ပြုချက်) အပိုင်းပဲလိုတယ်။ ကျောင်းသားတွေကိုယ်တိုင်ကလည်း ဒီစက်ဘီးစီးတဲ့ အလေ့အထမျိုး ဘယ်လိုမှ မမျှော်လင့်ထားဘူး။ ဒီထက်ပိုဆိုးတာက ကျောင်းက အာဏာပိုင်တွေက ဒီအလေ့အထကို ဘယ်လိုမှ မတွေးထားဘူး။ အဲဒီတော့ လက်ခံဖို့ ခဲယဉ်းတယ်။ ဒီတော့ ကျွန်တော်တို့အတွက် အဓိကအခက်အခဲကတော့ ဒီကျောင်းကအာဏာပိုင်တွေ ခွင့်ပြုဖို့ဘဲပေါ့” ဟု အဖွဲ့မှ operation တာဝန်ခံ ကိုဟိန်းမင်းဦးက ပြောသည်။

Bikes In Yangon အဖွဲ့သည် ရန်ကုန်မြို့တွင် စက်ဘီးယဉ်ကျေးမှု ထွန်းကားလာစေရန် ယခင်ကလည်း တစ်ကြိမ်မက လှုံ့ဆော်သရုပ်ပြဖူးသည်ဟု သိရသည်။ ရန်ကုန်မြို့လည်ခေါင်တွင် စက်ဘီးများစု၍ အဖွဲ့သား စေတနာ့ဝန်ထမ်းများဖြင့် ည ၉ နာရီမှ ၁၁ အတွင်း စက်ဘီးပတ်စီးကာ လှုံ့ဆော်မှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

“စက်ဘီးစီးဖို့ လမ်းကြောင်းသတ်သတ်တော့ မလိုပါဘူး။ စက်ဘီးစီးတဲ့ ယဉ်ကျေးမှုဘဲလိုတာပါ။ မြို့ပြပညာရှင်တွေရဲ့ သုံးသပ်ချက်အရတော့ ရန်ကုန်မြို့ကြီးဟာ စက်ဘီးနဲ့ ကားတွေ ဝေမျှသုံးလို့ရတဲ့ အနေအထားမှာရှိတယ်” ဟု ကိုရင်မောင်က ပြောသည်။

ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း၌ အငှားစက်ဘီးဝန်ဆောင်မှုအတွက် ခွင့်ပြုချက်ရခဲ့ပါက အခြား တက္ကသိုလ်များတွင်ပါ ဝန်ဆောင်မှုပေးနိုင်ရန် ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်သည်။ ထို့အပြင် အစီအစဉ် ဖြစ်မြောက်အောင်မြင်ခဲ့ပါက ကျောင်းမှ ဖွဲ့စည်းထားသော အဖွဲ့အစည်း၊ သို့မဟုတ် ကျောင်းသားများထံသို့ လွှဲပြောင်းထားခဲ့မည်ဖြစ်သည်။

ခွင့်ပြုချက်မရခဲ့ပါကလည်း ကျောင်းတွင်း စက်ဘီးစီးသောယဉ်ကျေးမှုကို ကျောင်းသူ၊ ကျောင်းသားများထံသို့ ကျန်ရှိနေစေချင်သည်ဟု ၎င်းတို့က ပြောကြားသည်။

သတင်း-စောကပလူစိုး

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar