ရန်ကုန်စတော့အိတ်ချိန်း ကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ အံ့အားသင့်ဖွယ် နှုတ်ထွက်

ရန်ကုန်စတော့အိတ်ချိန်းတွင် ရောင်းဝယ်မှုများ စတင်သည့် မတ် ၂၅ ရက်နေ့က အက်ဖ်အမ်အိုင်ကုမ္ပဏီ၏ အမှုဆောင်ဥက္ကဋ္ဌဖြစ်သူ ဦးသိမ်းဝေ (ဝဲ)နှင့် ဦးမောင်မောင်သိမ်း (ယာ) အားတွေ့ရစဉ်။ ဓာတ်ပုံ- အေအက်ဖ်ပီ/ဖြိုးဟိန်းကျော်

ရန်ကုန်စတော့အိတ်ချိန်းတွင် ရောင်းဝယ်မှုများ စတင်သည့် မတ် ၂၅ ရက်နေ့က အက်ဖ်အမ်အိုင်ကုမ္ပဏီ၏ အမှုဆောင်ဥက္ကဋ္ဌဖြစ်သူ ဦးသိမ်းဝေ (ဝဲ)နှင့် ဦးမောင်မောင်သိမ်း (ယာ) အားတွေ့ရစဉ်။ ဓာတ်ပုံ- အေအက်ဖ်ပီ/ဖြိုးဟိန်းကျော်

ရန်ကုန်၊ မေ ၁

ရန်ကုန်စတော့အိတ်ချိန်းကို ကြီးကြပ်ရသော အာဏာပိုင်အဖွဲ့အစည်းဖြစ်သည့် ငွေချေးသက်သေခံ လက်မှတ်ရောင်းဝယ်မှု  ကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာမောင်မောင်သိမ်းသည် ဧပြီ ၂၈ ရက်နေ့တွင် အံ့အားသင့်ဖွယ် နုတ်ထွက်စာ တင်သွားခဲ့ရာ ယနေ့ မေ ၁ ရက်နေ့တွင် တာဝန်မှ အပြီးသတ် အနားယူသွားပြီဖြစ်သည်။

၎င်းသည် သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်တွင် တာဝန်ယူခဲ့သည့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ်မှ လက်ရှိ သမ္မတဦးထင်ကျော် အစိုးရလက်ထက်တွင် အလိုအလျောက် အနားယူပြီးဖြစ်သော်လည်း စတော့အိတ်ချိန်း ကော်မရှင်ဥက္ကဋ္ဌရာထူးမှမူ ဥပဒေအရ နှုတ်ထွက်ရန် မလိုအပ်ပေ။

မြန်မာနိုင်ငံ၏ ပထမဆုံးစတော့အိတ်ချိန်းကို တည်ထောင်ရာတွင် အခရာကျသည့်နေရာမှ တာဝန်ယူခဲ့သည့် ပုဂ္ဂိုလ်တစ်ဦးက အိတ်ချိန်းစတင်လည်ပတ်ပြီး ၃၅ ရက်အကြာတွင် ရုတ်တရက် နှုတ်ထွက်လိုက်သဖြင့် လူအများကို အံ့အားသင့်စေခဲ့ပြီး၊ အမျိုးမျိုးသော ခန့်မှန်းချက်များ ထွက်ပေါ်စေခဲ့သည်။ ၎င်းသည် ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်သောကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် ယခုလို နှုတ်ထွက်ရခြင်းဖြစ်မည်ဟု အချို့ကလည်း ခန့်မှန်းထားကြသည်။

၎င်းသည် ကော်မရှင်ဥက္ကဌရာထူးမှသာမက အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌရာထူးမှလည်း တပါတည်း နှုတ်ထွက်လိုက်ခြင်းဖြစ်သည်။

“အာမခံကဏ္ဍနှင့် စတော့အိတ်ချိန်းကဏ္ဍတို့တွင် အခြေခံကောင်းများကို ရရှိနေပြီဖြစ်ပါသည်။ လူသစ်များအနေဖြင့် ဆက်လက် ဆောင်ရွက်သွားနိုင်မည်လည်း ဖြစ်ပါသည်” ဟု ၎င်း၏ နှုတ်ထွက်စာ တွင် ရေးသားဖော်ပြထားသည်။ နှုတ်ထွက်ရသည့် အကြောင်းအရင်းမှန်ကို သိနိုင်ရန် Frontier က ကြိုးပမ်းခဲ့သော်လည်း ၎င်းနှင့် ဆက်သွယ်၍ မရခဲ့ပေ။

ထိုကဲ့သို့ ၎င်းနှုတ်ထွက်လိုက်သဖြင့် ကျန်ကော်မရှင် အဖွဲ့ဝင်ခြောက်ဦးက နောက်ဥက္ကဋ္ဌသစ် မခန့်အပ်ရမီအချိန်ထိ စတော့အိတ်ချိန်းကို တာဝန်ယူ ကြီးကြပ်ကွပ်ကဲသွားကြမည် ဖြစ်သည်။ ရန်ကုန်စတော့ အိတ်ချိန်းတွင် ရောင်းဝယ်မှုများကို မတ် ၂၅ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ကာ ပထမဆုံး စာရင်းတင်သွင်း ရောင်းဝယ်သည့် လုပ်ငန်းမှာ အက်ဖ်အမ်အိုင်ဖြစ်သည်။

သတင်း- ကျော်ဖုန်းကျော် 

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.