ရန်ကုန်က မော်တော်ဆိုင်ကယ် ပြဿနာ

ယခင် စစ်အစိုးရလက်ထက် ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုကျော်ကတည်းက ရန်ကုန်မြို့မှာ ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ခဲ့တာဖြစ်ပေမယ့် အခုတော့ ရန်ကုန်လမ်းတွေပေါ်မှာ ဆိုင်ကယ်တွေ တရားဝင် စီးနင်းခွင့် ပြန်ပေးတော့မှာလား

ထွန်းခိုင် ရေးသားသည်။

ရန်ကုန်မှာ မော်တော်ဆိုင်ကယ် စီးနင်းခွင့်ကို ပိတ်ပင်ထားတယ်ဆိုပေမယ့် နေရာတိုင်းမှာ မော်တော်ဆိုင်ကယ်တွေ ဥဒဟို သွားလာနေတာကို တွေ့မြင်နိုင်ပါတယ်။

ယခင် စစ်အစိုးရလက်ထက် ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုကျော်ကတည်းက ရန်ကုန်မြို့မှာ ဆိုင်ကယ်တွေစီးနင်းတာကို ပိတ်ပင်ခဲ့တာဖြစ်ပေမယ့် အခုတော့ ရန်ကုန်လမ်းတွေပေါ်ကို ဆိုင်ကယ်တွေ ပြန်ရောက်နေကြပါပြီ။ ဒါပေမယ့် တရားဝင်တော့ မဟုတ်ပါဘူး။

ရန်ကုန်မှာ ပိတ်ပင်ထားတဲ့ ဆိုင်ကယ်စီးနင်းခွင့်ကို ပြန်လည်သုံးသပ်ဖို့အတွက်လည်း လွှတ်တော်မှာ ဆွေးနွေးဖို့ကို ကိုယ်စားလှယ်တွေ စိုင်းပြင်းနေကြပါပြီ။

“မင်္ဂလာဒုံဆိုရင် ရန်ကုန်မြို့ထဲမှာပါပေမယ့် ကားလမ်းနဲ့ ဝေးတဲ့နေရာက ကျေးရွာတွေအများကြီး ရှိတယ်။ သူတို့လည်း အဆင်ပြေနိုင်အောင်၊ အစိုးရဘက်ကလည်း ဘယ်လိုပုံနဲ့ခွင့်ပြုနိုင်မလဲဆိုတာကိုမေးဖို့ ပြင်နေတယ်” လို့မင်္ဂလာဒုံ အမှတ်(၂) မဲဆန္ဒနယ်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာမိုးက ပြောပါတယ်။

အခုတော့ လိုင်စင်မဲ့ဆိုင်ကယ်တွေနဲ့သတ်မှတ်ထားတဲ့မြို့နယ်တွေကို ကျော်လွန်မောင်းနှင်တဲ့ ဆိုင်ကယ်တွေဟာ မင်္ဂလာဒုံအပါအဝင် ရန်ကုန်မြို့တဝှမ်းမှာ ခွင့်ပြုချက်မဲ့၊ လိုင်စင်မဲ့ မောင်းနှင်နေကြဆဲပါ။

ရန်ကုန်မြို့ရဲ့လမ်းမတွေပေါ်မှာ လိုင်စင်မဲ့ဆိုင်ကယ်စီးနင်းတယ်ဆိုတာ ထောင်ဒဏ် သုံးနှစ်အထိ အပြစ်ပေးလို့ရတဲ့ မှုခင်းကို ကျူးလွန်တာပါ။

တစ်နိုင်ငံလုံးမှာ စီးရေလေးသန်းလောက်ရှိတဲ့ ဆိုင်ကယ်တွေကို ရန်ကုန် ကလွဲရင် ကျန်တဲ့နေရာတွေမှာ မောင်းနှင်ဖို့ အစိုးရက ခွင့်ပြုထားပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ် ၃၃ မြို့နယ်အတွင်းမှာတော့ ရန်ကုန်တစ်ဘက်ကမ်းဒလနဲ့ ဆိပ်ကြီးခနောင်တိုကလွဲရင် ကျန်တဲ့နေရာတွေမှာ ဆိုင်ကယ်စီးတာကို တားမြစ်ထားပါတယ်။

အဲဒီတားမြစ်ချက်ဟာ စစ်အစိုးရလက်ထက်ကတည်းက ရှိနေခဲ့တာဖြစ်ပြီး ဆိုင်ကယ်အရေအတွက် အနည်းငယ်ကိုသာ မြို့တွင်းမှာ သွားလာဖို့ တရားဝင် ခွင့်ပြုထားပါတယ်။

ဒါပေမယ့် စက်တပ်ယာဉ်သွင်းခွင့်ကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားခဲ့တဲ့ စစ်အစိုးရကာလတွေမှာ ဆိုင်ကယ်တွေ ဈေးကြီးလွန်းတော့ လူတိုင်းမစီးနိုင်ခဲ့ပါဘူး။

“၂၀၀၈ လောက်တုန်းကဆိုရင် တရုတ်ကန်ဘို 125 တစ်စီးဆိုရင် လိုင်စင်မဲ့တောင် ခုနစ်သိန်းခွဲလောက်ရှိတယ်။ အခုတော့ လိုင်စင်နဲ့မှ ခြောက်သိန်းခွဲလောက်ပဲ ရှိတော့တယ်” လို့ လှည်းကူးမြို့မှာနေတဲ့ ဦးမောင်စိုးက ပြောပါတယ်။

ဒါဟာဆိုင်ကယ်အသစ်တစ်စင်းရဲ့ ဈေးနှုန်းဖြစ်ပြီး အဲဒါထက်ဈေးပေါတဲ့ ဆိုင်ကယ်ကို စီးမယ်ဆိုရင်တော့ ကျပ်တစ်သိန်းဝန်းကျင်လောက်နဲ့တောင် ရနိုင်နေပါပြီ။

လိုင်စင်မဲ့ ဆိုင်ကယ်တွေ

၂၀၁၀ မှာ နိုင်ငံရေးအလှည့်အပြောင်းအပြီး မော်တော်ယာဉ်သွင်းခွင့်မူဝါဒတွေ ပြင်ဆင်လိုက်ချိန်မှာတော့ ဆိုင်ကယ်ဈေးတွေ တဟုန်ထိုး ကျဆင်းလာတဲ့အတွက် ရန်ကုန်လမ်းမတွေပေါ်မှာ ဆိုင်ကယ်တွေ များပြားလာပါတော့တယ်။

၂၀၁၃ ခုနှစ်ကစပြီး မြန်မာအစိုးရဟာ ရန်ကုန်က ဆိုင်ကယ်ပြဿနာကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖို့ ကြိုးစားလာပြန်ပါတယ်။

ရန်ကုန်မြို့ထဲမှာ ဆိုင်ကယ်စီးနင်းတာတွေ့ရင်တော့ တရားဝင်မှတ်ပုံတင်ထားတဲ့ ဆိုင်ကယ်ဆိုရင် နယ်ကျော် စီမံချက်နဲ့ ဒဏ်ငွေ ကျပ် ၅၁,၅ဝဝ ပေးဆောင်ရပါတယ်။

ဆိုင်ကယ်ဟာ လိုင်စင်မဲ့ဆိုရင် အစိုးရက ဆိုင်ကယ်ကိုပါ သိမ်းယူပါတော့တယ်။ လိုင်စင်မဲ့ ဆိုင်ကယ်တွေကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ပိုင်ရှင်မဲ့ ကြေညာပြီး သက်တမ်းခြောက်လကျော်တာနဲ့ ပြည်သူ့ ဘဏ္ဍာအဖြစ် သတ်မှတ်ပြီး လေလံတင်ရောင်းချဖို့ ဆောင်ရွက်ပါတော့တယ်။

ဒါပေမယ့် တရားမဝင် ဆိုင်ကယ်တွေ တစ်နေ့တစ်ခြား များပြားလာတော့ လိုင်စင်မဲ့ ဆိုင်ကယ်စီးသူတွေကို ၂၀၁၂ ခုနှစ်၊ ပို့ကုန်/သွင်းကုန် ဥပဒေနဲ့ အရေးယူဖို့ ဆုံးဖြတ်ခဲ့ပြီး အဲဒီပြစ်မှုက အမြင့်ဆုံးထောင်ဒဏ် သုံးနှစ်အထိ ကျခံရနိုင်ပါတယ်။

ဒါပေမယ့်လည်း လိုင်စင်မဲ့ ဆိုင်ကယ်တွေကို နေရာတိုင်းမှာ တွေ့မြင်နေရဆဲပါ။

ဓာတ်ပုံ-တေဇလှိုင်

ဓာတ်ပုံ-တေဇလှိုင်

လိုင်စင်မဲ့ဆိုင်ကယ်တွေများသလို ဆိုင်ကယ်ကြောင့် ထိခိုက်မှုတွေကလည်း များပြားနေဆဲပါ။ မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံတွေထဲမှာ ယာဉ်မတော်တဆမှုဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတစ်ခုဖြစ်ပြီး နှစ်စဉ်သေဆုံးမှုတွေကလည်း တိုးနေဆဲပါ။

အစိုးရက ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ၂၀၁၁ ကနေ ၂၀၁၅ ခုနှစ်အထိ ငါးနှစ်အတွင်း တစ်နိုင်ငံလုံးမှာ ယာဉ်တိုက်မှု ၆၅,၀၀၀ လောက်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ မတော်တဆမှုတွေကြောင့် လူပေါင်း ၁၁၀,၀၀၀ ကျော် ဒဏ်ရာရခဲ့ပြီး ၁၈,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို သေဆုံး ဒဏ်ရာရသူတွေထဲမှာ ရန်ကုန်မြို့အထွက်နားမှာရှိတဲ့ မြောက်ဥက္ကလာပမြို့နယ်က လူတွေလည်း ပါဝင်ပါတယ်။

မြောက်ဥက္ကလာပမြို့နယ်ဟာ ဆိုင်ကယ်စီးခွင့်မရှိတဲ့ မြို့နယ်တစ်ခုဖြစ်ပေမယ့် မှတ်ပုံတင်မရှိတဲ့ မော်တော်ဆိုင်ကယ်တွေကို မြို့နယ်ရဲ့ နေရာတိုင်းမှာ တွေ့နိုင်ပါတယ်။

ဆိုင်ကယ်တွေ အရှိန်ပြင်းပြင်း မောင်နှင်လေ့ရှိပေမဲ့ ဘယ်သူကမှ တားမြစ်မှုမရှိတာကြောင့် မကြာခဏဆိုသလို ထိခိုက်မှုတွေလည်း ဖြစ်လေ့ရှိပါတယ်။

အရှိန်ပြင်းပြင်းနဲ့ မောင်းနေတဲ့ ဆိုင်ကယ်တွေကို တားမြစ်ဖို့ အစိုးရက လုပ်နိုင်စွမ်းမရှိတဲ့အတွက် ရပ်ကွက်နေ ပြည်သူတွေကပဲ ကိုယ်ထူကိုယ်ထ ဖြေရှင်းနေရတယ်လို့ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ်မှာနေတဲ့ ဦးအောင်ထူးကပြောပါတယ်။

ဖြေရှင်းနည်းတွေထဲမှာ အကောင်းဆုံးက “slow down” လို့ခေါ်တဲ့ ယာဉ်တား ကုန်းငယ်လေးတွကို လမ်းမပေါ်မှာ ထည့်သွင်း တည်ဆောက်လိုက်ကြတာဖြစ်တယ်လို့ သူကဆိုပါတယ်။

“slow down တွေထားတာတောင် တခါတလေ အရှိန်လွန်ပြီး မှောက်ကြတာတွေ ခဏခဏပဲ”လို့ ဦးအောင်ထူးက ဆိုပါတယ်။

လိုင်စင်မဲ့ဆိုင်ကယ်သမားတွေကြောင့် နောက်ထပ် ကြုံရတဲ့ ပြဿနာတစ်ခုက မှုခင်းတွေ တိုးလာတာပါ။ ရာဇဝတ်သားတွေက ဆိုင်ကယ်တွေကိုအသုံးပြုပြီး လုယူထွက်ပြေးတာတွေကြောင့် လူထုကြားမှာ သတိပေးမှုတွေ မကြာခဏ လုပ်နေရဆဲပါ။

“ကျနော်တို့ဆီမှာဆို လမ်းဆုံလမ်းခွတွေမှာ လူမှုရေးအသင်းတွေက ဆိုင်းဘုတ်တွေ ထောင်ထားရတယ်။ ဆိုင်ကယ်က အနားကပ်လာရင် သတိထားဖို့။ ဆွဲကြိုးတွေ၊ ဖုန်းတွေ လုပြေးတတ်တယ်ဆိုပြီး စာရေးသတိပေးကြတယ်” လို့ မြောက်ဥက္ကလာပမြို့နယ်၊ ဇ ရပ်ကွက်နေ ဦးမောင်မောင်ကျော်က ပြောပါတယ်။

ဆိုင်ကယ်တွေနဲ့ လုယက်တာတွေ တိုးလာနေပေမယ့် သူတို့ကို အရေးယူဖို့အတွက် တရားဝင်မှတ်ပုံတင်ထားတာမရှိတဲ့အတွက် ဘယ်သူဘယ်ဝါဆိုတာ မသိနိုင်ပါဘူး။

ရန်ကုန်တိုင်းဒေသကြီးထဲမှာ ပြီးခဲ့တဲ့ခြောက်လအတွင်း လာရောက်တိုင်တန်းခဲ့တဲ့ လုယက်မှု ၂၉ မှု မှာ အများစုက ဆိုင်ကယ်ကို အသုံးပြုပြီး ကျူးလွန်ခဲ့တာလို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ ရဲမှူးချုပ်ဝင်းနိုင်က သြဂုတ်လအတွင်းမှာ သတင်းထောက်တွေကို ပြောပါတယ်။

လူရှစ်သိန်းလောက်နေထိုင်တဲ့ လှိုင်သာယာမြို့နယ်မှာလည်း တရားမဝင်ဆိုင်ကယ်ပြဿနာကို အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။

အစိုးရရဲ့ ထုတ်ပြန်ချက်အရ တစ်လကို ယာဉ်တိုက်မှု ၇၀ ကနေ ၉၀ အထိဖြစ်ပွားနေတဲ့ လှိုင်သာယာမှာ အများစုက ဆိုင်ကယ်မတော်တဆမှုတွေပါ။

“ဆိုင်ကယ်စီးရင် ဦးထုတ်မဆောင်းကြဘူး။ ဦးထုတ်ဆောင်းရင် မေးသိုင်းကြိုး မတတ်ကြဘူး”လို့ လှိုင်သာယာ ၁ ထိပ်က မော်တော်ဆိုင်ကယ်ကယ်ရီသမား ဦးလှဦးက ပြောပါတယ်။

ရန်ကုန်မြို့ထဲမှာ တရားမဝင်ဆိုင်ကယ်တွေ ရောက်လာတဲ့အတွက် စိတ်ညစ်ရတဲ့သူတွေထဲမှာ ဆိုက်ကား နင်းတဲ့သူတွေလည်း ပါဝင်ပါတယ်။ မြန်ဆန်တဲ့ ဆိုင်ကယ်တွေကြောင့် ခရီးသည်တွေဟာ ဆိုက်ကားတွေကို မငှားကြတော့ပဲ ဆိုင်ကယ်တွေဘဲ ငှားစီးကြတဲ့အတွက် တရားဝင် လိုင်စင်ရယူထားတဲ့ ဆိုက်ကားတွေ နေ့စဉ် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ လှိုင်သာယာ ဘီအိုစီအဝိုင်းက ဆိုက်ကားနင်းသူတွေက ပြောပါတယ်။

ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

“လိုင်စင်မရှိတဲ့ ဆိုင်ကယ်တွေကျ မဖမ်းဘူး။ လိုင်စင်ရှိတဲ့ ဆိုက်ကားတွေကျတော့ ရဲက လမ်းစည်းကမ်းချိုး ဖောက်တယ်ဆိုပြီး ဖမ်းတယ်။၂၀၁၃ မှာ ကျနော်တို့ ဆန္ဒပြတယ်။ ဘာမှမထူးဘူး။ ဆိုင်ကယ်တွေ ပိုများလာတာပဲရှိတယ်”လို့ လှိုင်သာယာက ဆိုက်ကားနင်းသူ ဦးကျော်ဇေယျက ဆိုပါတယ်။

အခုတော့အစိုးရက ရန်ကုန်က မြို့နယ်ရှစ်မြို့နယ်မှာ လိုင်စင်မဲ့ဆိုင်ကယ်တွေ ဖမ်းဖို့အတွက် စတင်နေပြီလို့ ကြေငြာထားပါတယ်။ အဲဒီ ရှစ်မြို့နယ်ထဲမှာ သာကေတနဲ့ ဒဂုံမြို့သစ်မြောက်ပိုင်း၊ မရမ်းကုန်းနဲ့ စမ်းချောင်း၊ တွံတေး၊ ဒလနဲ့ မြောက်ပိုင်းခရိုင်က အင်းစိန်နဲ့ မင်္ဂလာဒုံစတဲ့ မြို့နယ်တွေ ပါဝင်ပါတယ်။

ရန်ကုန်မြို့မှာဆိုင်ကယ်တွေကို စီမံချက်နဲ့ လိုက်လံ အရေးယူနေခဲ့တာ ပြီးခဲ့တဲ့ သြဂုတ် ၁၅ ရက်ကနေ လကုန်အထိ ဆိုင်ကယ်အစီး ၄၉၀ ကို အရေးယူနိုင်ခဲ့တယ်လို့ အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့က ဒုတိယရဲမှူးကြီးအောင်ကိုဦးကပြောပါတယ်။

“တချို့နေရာတွေက မောင်းပြေးတယ်။ အဲဒီတော့ ကျန်တဲ့နေရာမှာ ယာဉ်တိုက်မှုတွေဖြစ်တယ်” လို့ သူကပြောပါတယ်။

ရန်ကုန်မှာ ဆိုင်ကယ် စီးခွင့်ရတော့မှာလား

ဆိုင်ကယ်တွေကို အစိုးရက တားမြစ်ထားပေမယ့် မြန်မာနိုင်ငံမှာ လုံလောက်တဲ့ ခရီးသည် ပို့ဆောင်ရေးစနစ်တွေ မရှိတာကြောင့် ဆိုင်ကယ်တွေကို လူတွေ အသုံးပြုနေကြရတာဖြစ်တယ်လို့ အမှတ်(၄၅) အဲယားကွန်းဘတ်စ် ယာဉ်ပိုင်ရှင် ဦးတရုတ်လေးက ပြောပါတယ်။

“အစိုးရကလည်း လူတွေအန္တရာယ်ဖြစ်နိုင်တယ်လို့ တွေးတယ်။ အောက်ခြေမှာလည်း တချို့ မြို့စွန်တွေဆိုရင် ဆိုင်ကယ်က မရှိမဖြစ်ပဲ။ လူတိုင်း သူ့အကြောင်းပြချက်နဲ့သူပဲ ဖြစ်နေတယ်” လို့ ဦးတရုတ်လေးက ပြောပါတယ်။

ရန်ကုန်မှာ ဆိုင်ကယ်တွေ တရားဝင် အသုံးပြုခွင့်ပေးရင် ဆိုင်ကယ်နဲ့ ကျူးလွန်တဲ့ မှုခင်းတွေလည်း ကျဆင်းသွားနိုင်ပြီး လမ်းတွေကျပ်နေတဲ့ပြဿနာကိုလည်း ဖြေရှင်းပြီးသားဖြစ်မယ်လို့ ယုံကြည်နေတဲ့သူတွေ ရှိပါတယ်။

“လူတွေ ကားတယောက်တစ်စီး စီးတာနဲ့ ဆိုင်ကယ်တယောက်တစီး စီးနေတာ ဘယ်ဟာက လမ်းကျပ်တဲ့ ပြဿနာကို ရှင်းနိုင်မလဲဆိုတာ သိသာပါတယ်”လို့ သန်လျှင်မြို့နယ်က ဦးကျော်ညီညီက ပြောပါတယ်။

သွားရလာရခက်ခဲတဲ့ ရန်ကုန်မြို့စွန်က ဒေသခံတွေအတွက် ဆိုင်ကယ်တွေက အထောက်အကူပြုနေတယ်လို့ မင်္ဂလာဒုံအမှတ်(၂) မဲဆန္ဒနယ်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။

“ကျွန်တော်နေတဲ့နေရာကိုက ကားမှတ်တိုင်နဲ့ တစ်မိုင်လောက်ဝေးတယ်။ သွားဖို့ လာဖို့ ခက်တဲ့သူတွေ၊ ကားသုံးဖို့ မလွယ်တဲ့သူတွေအတွက်တော့ ဆိုင်ကယ်ကမရှိမဖြစ်ပဲ” လို့ ဦးထွန်းထွန်းဝင်းက ပြောပါတယ်။

ရန်ကုန်မှာ ပိတ်ပင်ထားတဲ့ ဆိုင်ကယ်အသုံးပြုခွင့်နဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေက မေးခွန်းထုတ်တာကို တိုင်းဒေသကြီးအစိုးရက မကြာမီ အဖြေပေးရပါတော့မယ်။

“ရန်ကုန်မှာ ဆိုင်ကယ်တွေ စီးရမှာလား။ မစီးရဘူးလား။ စနစ်တကျ စီးခွင့်ပြုမှာလားဆိုတာ သေချာသုတေသန လုပ်နေတယ်။ ပြီးရင် လွှတ်တော်ထဲကနေ မေးမယ်။ အကောင်းဆုံးကိုတော့ မျှော်လင့်ထားတယ်” လို့ မင်္ဂလာဒုံ အမှတ်(၂) မဲဆန္ဒနယ်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာမိုးက ပြောပါတယ်။

ခေါင်းစီးဓာတ်ပုံ- စတိဗ် တစ်ခ်နာ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar