ရခိုင်၌ အကြမ်းဖက်မှုများ ထပ်မံဖြစ်ပေါ်လာနိုင်သည်ဟူသည့် ခိုင်လုံသော အထောက်အထားမရှိ

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ထပ်မံဖြစ်ပေါ်လာနိုင်တဲ့ ခိုင်လုံတဲ့ အထောက်အထားနဲ့ အတည်ပြုချက်တွေ မတွေ့ရှိရဘူးလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“သတင်းတွေ ရနေတဲ့ဆိုတဲ့ အပိုင်းကလည်းပဲ သတင်းရဲ့သဘောတရားအရ တကယ်မြေပြင်မှာ အတည်ပြုတဲ့ သတင်းမျိုးတော့ မဟုတ်သေးဘူး” လို့ နေပြည်တော်မှာ အောက်တိုဘာ ၁ ရက်နေ့က ကျင်းပတဲ့ အာဆီယံနိုင်ငံ ဝန်ကြီးများအဆင့် နိုင်ငံဖြတ်ကျော်မှုခင်းဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးအပြီးမှာ နိုင်ငံဖြတ်ကျော် မှုခင်းဌာန၊ ဌာနကြီးမှူး ရဲမှူးချုပ် အောင်ဌေးမြင့်က သတင်းထောက်တွေကို ပြောကြားပါတယ်။

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလက ရခိုင်ပြည်နယ်မှာ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး နှစ်နှစ်ကျော်အကြာမှာ တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပေါ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ အဲဒီအချိန်က အစိုးရနယ်ခြားစောင့်ရဲစခန်းတွေကို အာဆာစစ်သွေးကြွအဖွဲ့က တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနောက် တပ်မတော်ရဲ့ လက်တုန့်ပြန်တဲ့ စစ်ဆင်ရေးတွေကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းက မူဆလင်အများအပြားဟာ နယ်စပ်ကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးခဲ့ကြပါတယ်။

ထွက်ပြေးသွားတဲ့ မူဆလင် ၇၂၀,၀၀၀ လောက်ဟာ ဘင်္ဂလားဒေရှ့်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြပါတယ်။ စစ်ဆင်ရေးတွေအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှုနဲ့ မီးရှို့မှုတွေ ကျူးလွန်ခဲ့ကြတယ်လို့ သူတို့က စွပ်စွဲထားကြပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာကလည်း လူမျိုုးစုအလိုက် ရှင်းလင်းမှုဖြစ်တယ်လို့ ပြောကြားကြပါတယ်။

နှစ်နှစ်ကျော်ကြာလာပြီးနောက် အာဆာအဖွဲ့က တိုက်ခိုက်မှုတွေ ထပ်မံပြုလုပ်ဖို့ ပြင်ဆင်နေတယ်ဆိုတယ် သတင်းတွေလည်း ပေါ်ထွက်နေပါတယ်။

“ကောလဟာလနဲ့ထွက်လာတဲ့ သတင်းတွေရှိတယ်။ အင်တာနက်တွေမှာရေးတဲ့ သတင်းတွေရှိတယ်။ အဲဒီသတင်းတွေကိုတော့ ကျွန်တော်တို့ အောက်ကမြေပြင်မှာ ဖော်ထုတ်ရရှိတဲ့ အခြေအနေအရကော၊ ဟိုဘက်နိုင်ငံနဲ့သတင်းအချက်အလက် ဖလှယ်မှုအအရရော ကျွန်တော်တို့ အတည်မပြုနိုင်သေးပါဘူး” လို့ ရဲမှူးချုပ် အောင်ဌေးမြင့်က ပြောပါတယ်။

“သာမန်ခိုးဝင်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ တွေ့တာရှိတယ်။ ဒီဘက်မှာ ငါးလာခိုးဖမ်းတဲ့သူတွေ ရှိတယ်။ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်တဲ့ မှုခင်းလေးတွေ ရှိတယ်။ ဒီလောက်ပဲရှိပြီးတော့မှ နောက်ထပ် တိုက်ခိုက်မှု၊ ခုနကပြောတဲ့ တိုက်ခိုက်မှုဖြစ်စဉ်မျိုးတွေ ကျွန်တော်တို့ဆီမှာ မရှိပါဘူူး” လို့ သူကပြောပါတယ်။

နယ်စပ်ဒေသ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံ အာဏာပိုင်တွေအကြား အစည်းအဝေးတွေ တောက်လျှောက်လုပ်နေတယ်လို့လည်း သူကပြောပါတယ်။

“ဖြစ်လာတဲ့ ပြဿနာတွေကို လက်ငင်းဖြေရှင်းတဲ့စနစ်ကို ဆောင်ရွက်သွားတယ်” လို့ ရဲမှူးချုပ် အောင်ဌေးမြင့်က ပြောပါတယ်။

ထိုသို့ဆောင်ရွက်ရန်အတွက် နှစ်နိုင်ငံ၊ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားတယ်လို့ သူက ပြောပါတယ်။

နယ်စပ်တစ်လျောက်မှာ မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်တပ်တွေ ပူးပေါင်းပြီး မကြာခဏ ကင်းလှည့်လေ့ရှိတယ်ဆိုတာကိုလည်း မြန်မာအစိုးရက ထုတ်ပြန်တဲ့ သတင်းတွေအရ သိရပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar