ရခိုင်၌ ရဲစခန်းများနှင့် အရပ်ဖက်ပုဂ္ဂိုလ်များအား တိုက်ခိုက်မှုရပ်တန့်ရန် ဥရောပသမဂ္ဂ တိုက်တွန်း

ရခိုင်ပြည်နယ်တွင် ရဲစခန်းများနှင့် အရပ်ဖက် အာဏာပိုင်များ၊ ပုဂ္ဂိုလ်များအား တိုက်ခိုက်မှုများကို ရပ်တန့်ရန် ဥရောပသမဂ္ဂအပါအဝင် အနောက်နိုင်ငံသံရုံးများက တိုက်တွန်းလိုက်ပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးပို့ခွင့်ပြုရန်လည်း မြန်မာအစိုးရကို တိုက်တွန်းလိုက်သည်။

“ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် တောင်ပိုင်းတို့တွင် AA လက်နက်ကိုင်အဖွဲ့နှင့် မြန်မာ့တပ်မတော်ကြား ဆက်လက် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများသည် အသက်အိုးအိမ် ဆုံးရှုံးနစ်နာမှုများနှင့် ဆိုးရွားသည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခြေအနေကို ဖြစ်ပေါ်စေလျက်ရှိပါသည်” ဟု မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံး၊ ဥရောပအဖွဲ့ဝင်နိုင်ငံသံရုံးများ၊ ကနေဒါနှင့် နော်ဝေသံရုံးတို့မှ သံရုံးအကြီးအကဲများက မတ် ၁၄ ရက်နေ့တွင် ပူးပေါင်းထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့ပြင် ရဲစခန်းများ၊ အရပ်ဖက် အာဏာပိုင်များနှင့် လူပုဂ္ဂိုလ်များအား တိုက်ခိုက်မှုများကို ရပ်တန့်ရမည် ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် မတ် ၉ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်မှ ရဲတပ်ဖွဲ့ဝင် ၉ ဦး သတ်ဖြတ်ခံရခြင်းကဲ့သို့ လုပ်ရပ်များက “မည်သို့မျှ တရားမျှတမှု မရှိပါ” ဟု ၎င်းတို့က ပြောကြားသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မြောက်ဘက်ရှိ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာမှ ရဲကင်းစခန်းအား မတ် ၉ ရက်နေ့ညပိုင်းတွင် အေအေအဖွဲ့ အင်အား ၆၀ ခန့်က နာရီဝက်ခန့်ကြာအောင် ဝင်ရောက် တိုက်ခိုက်ခဲ့သည်ဟု အစိုးရက သတင်းထုတ်ပြန်ထားသည်။ ထိုတိုက်ခိုက်မှုတွင် ရဲတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးနေသည်ဟုလည်း ကြေညာထားသည်။

ဇန်နဝါရီ ၄ ရက်နေ့၊ လွပ်လပ်ရေးနေ့ကလည်း ရခိုင်ပြည်နယ်ရှိ ရဲကင်းစခန်းများကို အေအေအဖွဲ့က ဝင်ရောက် တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့သည်။ ထိုတိုက်ခိုက်မှုအပြီးတွင် အေအေအဖွဲ့အား ရှင်းလင်းရန်အတွက် တပ်မတော်က စစ်ဆင်ရေးများကို တိုးမြှင့်ဆောင်ရွက်လာခဲ့သည်။

၂၀၀၉ ခုနှစ်က စတင်တည်ထောင်ခဲ့သည့် အေအေအဖွဲ့သည် ယခုအခါ အင်အားကြီးထွားလာပြီး အဖွဲ့ဝင် ထောင်ဂဏန်းအထိ ရှိနေပြီဟု လေ့လာသူများက ခန့်မှန်းထားကြသည်။

ပြီးခဲ့သည့်လများအတွင်း အစိုးရတပ်များနှင့် အေအေတို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး ဒေသခံအများအပြားလည်း နေရပ်များကို စွန့်ခွာထွက်ပြေးနေကြရသည်။

ဥရောပသမဂ္ဂ၊ ကနေဒါနှင့် နော်ဝေသည် အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းမှုများပြုလုပ်ရန် ကြေညာချက်တွင် တိုက်တွန်းထားသည်။ “ပြည်ထောင်စုအစိုးရသည် အေအေလက်နက်ကိုင်အဖွဲ့နှင့် ဆွေးနွေးမှုများ ပြုလုပ်ရန် လက်ခံသည်ဟု မိမိတို့ နားလည်ထားပါသည်။ ထို့ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများ အားလုံးမှလည်း ဤအခွင့်အရေးကို ဆုပ်ကိုင်၍ အတိတ်မှ နာကြည်းချက်များကို ဆွေးနွေးမှုများနှင့် နိုင်ငံရေးဖြစ်စဉ်များမှတဆင့် ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် အားထုတ်ဆောင်ရွက်မှုများကို အရှိန်အဟုန်မြင့်တင်ရန် မျှော်မှန်းအပ်ပါသည်” ဟု ၎င်းတို့က ပြောကြားသည်။

ထို့ပြင် နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေအရ အရပ်သားများကို ကာကွယ်နိုင်ရန်နှင့် လူသားချင်းစာနာမှု အကူအညီများ ပေးပို့ခွင့်ပြုရန်အတွက် လိုက်နာရမည့် တာဝန်ဝတ္တရားများကို ဘက်ပေါင်းစုံမှ လေးစားလိုက်နာရန်လည်း တိုက်တွန်းထားသည်။

တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူအရေအတွက်နှင့် ပတ်သက်ပြီး တိကျသည့်စာရင်းများ မရှိသေးသော်လည်း လူဦးရေသောင်းဂဏန်းအထိရှိလာပြီဟု ခန့်မှန်းထားကြသည်။

ရခိုင်ပြည်နယ်တွင်းရှိ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်းတော၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော်တို့သို့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းများ သွားရောက်ခွင့်ကို ပြီးခဲ့သည့်ဇန်နဝါရီလကတည်းက တားမြစ်ထားသည်။

“အထောက်အပံ့ပေးအပ်ရေး အဖွဲ့အစည်းအပေါ် ကန့်သတ်ထားသည့် ကန့်သတ်ချက်များသည် အနည်းဆုံး လူဦးရေ ၉၅,၀၀၀ တို့ ကြုံတွေ့နေရသည့် ဆိုးရွားသည့် လူသားချင်းဆိုင်ရာစာနာထောက်ထားမှုဆိုင်ရာ အခြေအနေအပေါ်တွင် ပြင်းထန်သည့် သက်ရောက်မှုကို ဖြစ်ပေါ်စေပါသည်” ဟု ဥရောပသမဂ္ဂ၊ ကနေဒါနှင့် နော်ဝေတို့က တိုက်တွန်းထားသည်။

အခြေအနေပိုမိုဆိုးရွာလာခြင်း မရှိစေရန်အတွက် ရာသီအလိုက် လယ်ယာစိုက်ပျိုးရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းရပ်များကို မိုးဥတုမရောက်မီ ဆောင်ရွက်နိုင်ရန် ခွင့်ပြုရမည်ဟုလည်း တိုက်တွန်းထားသည်။

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.