ရခိုင်အရေး အင်န်အယ်လ်ဒီအစိုးရ ကျဉ်းထဲကျပ်ထဲ ရောက်နေပြီလား

ရခိုင်ပြည်နယ်က ပြဿနာဖြေရှင်းရေးမှာ အင်န်အယ်လ်ဒီ အစိုးရအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက တစ်ဖက်၊ တပ်မတော်က တစ်ဖက်ဆိုတဲ့ ကျဉ်းထဲကျပ်ထဲ အခြေအနေမှာ ရောက်နေပြီး နှစ်ဖက်စလုံး ကျေနပ်စေဖို့အရေးမှာ အခက်ကြုံနေရပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်က ပြည်သူ့လွှတ်တော်မှာ ရခိုင်ပြဿနာနဲ့ပတ်သက်တဲ့ အရေးကြီးအဆိုတစ်ရပ် ဆွေးနွေး၊ မဲခွဲ ဆုံးဖြတ်တာတွေ လုပ်ခဲ့ပါတယ်။

အဲဒီအဆိုဟာ မြန်မာဘာသာနဲ့ဆို အလွန်ရှည်လျားပါတယ်။ အကျဉ်းချုပ်ရရင်တော့ နိုင်ငံတော် သမ္မတရုံးဟာ မေလ ၃၁ ရက် နေ့စွဲနဲ့ သတင်း တစ်ခု ထုတ်ပြန်ခဲ့တယ်၊ အဲဒီမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အာဆာ အကြမ်းဖက်အဖွဲ့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုအပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အဲဒါနဲ့ ဆက်နွှယ်တဲ့ ကိစ္စတွေကို စုံစမ်းစစ်ဆေးမယ့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် တစ်ရပ် ဖွဲ့စည်းဖို့ ဆုံးဖြတ်ထားတယ်၊ အဲဒီကော်မရှင်မှာ နိုင်ငံတကာက ပုဂ္ဂိုလ်ကြီး တစ်ယောက် အပါအဝင် အဖွဲ့ဝင် ၃ ယောက်ပါမယ်လို့ ဖော်ပြထားတယ်၊ အဲဒါနဲ့ပတ်သက်ပြီး ကော်မရှင်ဖွဲ့ရင် နိုင်ငံတကာက မပါစေဘဲ ပြည်တွင်းက လူတွေသက်သက်နဲ့ပဲ ဖွဲ့ဖို့ အစိုးရအဖွဲ့ကို တိုက်တွန်းကြောင်း အဆိုဖြစ်ပါတယ်။

ထုံးစံအတိုင်း အဲဒီအဆိုနဲ့ပတ်သက်ပြီး လွှတ်တော်ထဲမှာ အင်န်အယ်လ်ဒီ ပါတီအမတ်တွေက တစ်ဖက်၊ တပ်မတော်သား အမတ်တွေ၊ ပြည်ခိုင်ဖြိုးနဲ့ ရခိုင်အမျိုးသားပါတီက အမတ်တွေက တစ်ဖက်၊ အပြင်းအထန် ဆွေးနွေးငြင်းခုံကြပါတယ်။ လွှတ်တော်ထဲမှာ တပ်မတော်သား အမတ်တွေဘက်က ပြောဆိုတာတွေကို ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီအစိုးရ ကျဉ်းထဲကျပ်ထဲ ရောက်နေသလားလို့တောင် မှန်းဆရပါတယ်။ ခုတစ်ပတ် အဲဒီအကြောင်း သုံးသပ်တင်ပြသွားပါ့မယ်။

ပြည်ခိုင်ဖြိုးအမတ် အငြိမ်းစား ဒုဗိုလ်မှူးကြီး သောင်းအေးကဆိုရင် နိုင်ငံခြားသား တစ်ယောက်ပါတဲ့ အဲဒီ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့ဖို့ ဆိုတာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီဘူး၊ အခြား တစ်ဖက်မှာတော့ တပ်မတော်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်နေတယ်၊ နောက် ဒို့တာဝန် အရေးသုံးပါးကို ဦးထိပ်ထားတယ်၊  ဒါကြောင့် အင်န်အယ်လ်ဒီဟာ တပ်မတော်နဲ့ ထိပ်တိုက်တွေ့လိမ့်မယ် ဆိုပြီး ပြောဆိုပါတယ်။

တခြား တပ်မတော်သားအမတ် အတော်များများကလည်း လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့မယ်၊ အဲဒီထဲမှာ နိုင်ငံခြားသားတစ်ယောက် ပါမယ်ဆိုတဲ့ကိစ္စ အချုပ်အခြာအာဏာကို ထိခိုက်တာဖြစ်လို့ သဘောမတူနိုင်ကြောင်း ဆွေးနွေးကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လွှတ်တော်ထဲမှာ အင်န်အယ်လ်ဒီ အမတ်တွေက လွှမ်းမိုးထားနိုင်တာမို့ အဆိုကို မဲခွဲတဲ့အခါ အဆိုရှင်ဘက်က ရှုံးနိမ့်သွားတဲ့ အခြေအနေကိုပဲ ကြုံကြရတာပါ။ အဆို ရှုံးနိမ့်သွားတယ်ဆိုရုံနဲ့ ရခိုင်ပြည်နယ်ပြဿနာ ဖြေရှင်းရာမှာ အင်န်အယ်လ်ဒီ အစိုးရ ကြုံနေရတဲ့ အကျပ်အတည်းကြီးကနေ လွန်မြောက်သွားတာမျိုးတော့ မဟုတ်သေးပါဘူး။

အဲဒီအကျပ်အတည်း ပြဿနာကို ဖြေရှင်းနိုင်ဖို့ ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်က သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် အစိုးရ၊ လွှတ်တော်၊ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးကြီး တစ်ခု ခေါ်ယူကျင်းပခဲ့ရပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီကြုံရတဲ့ လတ်တလော အကျပ်အတည်းဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ မြန်မာအစိုးရကို ပေးပို့တဲ့ ရာဇသံက အစပြုတယ်လို့ ဆိုနိုင်ပါတယ်။ အမေရိကန်နိုင်ငံမှာ တာဝန်ထမ်းဆောင်နေတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးဟောက်ဒိုစွမ်းကနေတဆင့် မြန်မာအစိုးရကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပေးပို့တဲ့ အဲဒီစာမှာ အချက် (၄) ချက်ပါပြီး ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှု အကူအညီပေးဖို့ ကုလသမဂ္ဂ အေဂျင်စီတွေ ဝင်ခွင့်ပေးဖို့ တောင်းဆိုတာ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ စစ်ဆေးပြီး အရေးယူပေးဖို့ တောင်းဆိုတာ၊ ကိုဖီအာနန် ကော်မရှင်အစီရင်ခံစာကို အကောင်အထည်ဖော်ပေးဖို့ တောင်းဆိုတာ၊ မကြာခင် မြန်မာနိုင်ငံရောက်လာမယ့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နဲ့ မြန်မာနိုင်ငံတာဝန်ရှိသူတွေ ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုတာ စတာတွေပါဝင်ပြီး လုပ်ကိုင်ဆောင်ရွက်ထားပြီးသမျှတွေကို ရက်ပေါင်း ၃၀ အတွင်း အကြောင်းပြန်ပါလို့ ဆိုပါတယ်။

ဒါကြောင့် အင်န်အယ်လ်ဒီအစိုးရဟာ ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်ကပဲ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသွားသူတွေ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို အထောက်အပံ့ပြုနိုင်ဖို့အတွက် ကုလသမဂ္ဂ အေဂျင်စီတွေဖြစ်တဲ့  UNHCR ၊ UNDP တို့နဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ပြောရရင် ရခိုင်ပြည်နယ် မြောက်ပိုင်းကို ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေ ပြန်ပြီး ဝင်လာမှာကို တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးပါတီ၊ ရခိုင်အမျိုးသားပါတီတွေဘက်က သိပ်ပြီးလက်ခံလိုကြတာ မဟုတ်ပါဘူး။ အကြမ်းဖက်မှုတွေ ဖြစ်ပွားတဲ့ ကာလတုန်းကတောင် အဲဒီကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေဟာ အကြမ်းဖက်အဖွဲ့အစည်းတွေကိုပဲ ကူညီနေသယောင်ယောင် စွပ်စွဲပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အင်န်အယ်လ်ဒီ အစိုးရဘက်ကတော့ ကုလလုံခြုံရေး ကောင်စီရဲ့ တောင်းဆိုချက်၊ မြန်မာအာဏာပိုင်တွေကို ICC နိုင်ငံတကာ ရာဇဝတ်တရားရုံးတင်ဖို့ လုပ်ကိုင်နေတဲ့ လှုပ်ရှားမှုတွေ ရှိနေတဲ့အောက်မှာ ဘေးကျပ်နံကျပ် အခြေအနေအောက်ကနေ ခုလိုလုပ်ရတာလို့ မှတ်ယူနိုင်ပါတယ်။

နောက်တစ်ခုကတော့ စောစောက တင်ပြခဲ့ပြီးဖြစ်တဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ဖို့၊ အဲဒီမှာ နိုင်ငံတကာက ပုဂ္ဂိုလ်ကြီး တစ်ယောက်ပါဝင်ဖို့ ကိစ္စပါ။ တကယ်တော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၆ အောက်တိုဘာ အာဆာအဖွဲ့ကနေ နယ်ခြားစောင့်ရဲတပ်ရင်း ဌာနချုပ်နဲ့ အခြားစခန်းကြီး နှစ်ခုကို အကြမ်းဖက် တိုက်ခိုက်ခဲ့ပြီးချိန်ကစ နောက်ပိုင်း တပ်မတော်ရဲ့စစ်ဆင်ရေးအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲမှု ရှိနှင့်ပြီးသားပါ။ ဒါကြောင့် ဒုသမ္မတ ဦးမြင့်ဆွေ ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်း၊ စုံစမ်းမှုတွေ လုပ်ခဲ့ပြီး ဖြစ်ပါတယ်။

အလားတူ ၂၀၁၇ သြဂုတ်လ ၂၅ အကြမ်းဖက်မှု နောက်ပိုင်းမှာလည်း တပ်မတော်က သူ့ဖာသာသူ ဖွဲ့စည်းတဲ့ သီးခြားစုံစမ်းစစ်ဆေးရေး အဖွဲ့တွေ၊ ပြည်ထဲရေးက ဖွဲ့စည်းတဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့တွေ ရှိခဲ့ပါတယ်။ အဲဒီ စုံစမ်းစစ်ဆေးမှုတွေရဲ့ ရလဒ်အဖြစ် တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ အမှားအယွင်း တစ်စုံတစ်ရာ မလုပ်ခဲ့ဖူးဆိုတဲ့ အဖြေတွေပဲ ထွက်ခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ယုံကြည်မှုလည်း လုံးဝမရရှိခဲ့ပါဘူး။ အဲဒီ အစီရင်ခံစာတွေ ထုတ်ပြီးနောက်ပိုင်းမှာပဲ အင်းဒင်ရွာက လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ပေါ်ပေါက်လာတာပါ။

ဒီလိုအခြေအနေအောက်မှာ ရခိုင်ပြည်နယ်က ပြဿနာ နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေကို ကျော်လွှားနိုင်ဖို့အတွက် အင်န်အယ်လ်ဒီ အစိုးရဟာ တပ်မတော်ဘက်က သဘောတူဖို့ခက်ခဲတဲ့ ခုလို စွန့်စားရတဲ့ ဆုံးဖြတ်ချက်မျိုး ချခဲ့ပုံရပါတယ်။ ဒါကြောင့်လည်း အဲဒီအကျပ်အတည်း ပြဿနာကို ဖြေရှင်းနိုင်ဖို့ ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်က သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် အစိုးရ၊ လွှတ်တော်၊ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးကြီး တစ်ခု ခေါ်ယူကျင်းပခဲ့ရပါသေးတယ်။

ဒီလို အစည်းအဝေးမျိုး ခေါ်ယူကျင်းပရတာဟာ အင်န်အယ်လ်ဒီ အစိုးရအတွက် ဒါ ဒုတိယအကြိမ်မြောက်ပါ။ ဆွေးနွေးပွဲရလဒ်ကို တိတိကျကျ ထုတ်ပြောတာ မရှိပေမဲ့ ရခိုင်ပြည်နယ် ပြဿနာဖြေရှင်းရေး လတ်တလော လုပ်ကိုင်ရမယ့် ပြဿနာတွေအပေါ်မှာတော့ တစုံတရာ သဘောတူညီမှု ရခဲ့တယ်လို့ပဲ မှတ်ယူရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ရခိုင်ပြည်နယ်က ပြဿနာတွေ ဖြေရှင်းရေးမှာ အင်န်အယ်လ်ဒီ အစိုးရအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက တစ်ဖက်၊ တပ်မတော်က တစ်ဖက်ဆိုတဲ့ ကျဉ်းထဲကျပ်ထဲ အခြေအနေမှာ ရောက်နေတာ ကာလ အတော်ကြာပါပြီ။ ဒီလို အကျပ်အတည်းတွေကြောင့်ပဲ ဒီကနေ့အချိန်ထိ ရခိုင်ပြည်နယ်ပြဿနာ ဖြေရှင်းတဲ့ဆီမှာ ပြေလည်မယ့် လမ်းစပေါ်ကို မရောက်နိုင်သေးတာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar