ရခိုင်ပြည်နယ်က ရိုဟင်ဂျာအကြပ်အတည်းနဲ့ ပတ်သက်ပြီး သူမအစိုးရအနေနဲ့ ပိုမိုပွင့်လင်းမြင်သာမှုရှိစွာ ကိုင်တွယ်ဆောင်ရွက်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မြန်မာနိုင်ငံအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ရရှိဖို့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့တာဖြစ်တယ်လို့ အေအက်ဖ်ပီက ရေးသားထားပါတယ်။
“ကျွန်မတို့မှာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတယ်ဆိုတာကို ကျွန်မတို့အနေနဲ့ အသိအမှတ်ပြုဖို့ အဆင်သင့်ပါပဲ။ အထူးသဖြင့် ရခိုင်နဲ့ ပတ်သက်တာနဲ့ ငြိမ်းချမ်းရေးအတွက် ကျွန်မတို့ ရုန်းကန်နေရတာတွေ ဖြစ်ပါတယ်” လို့ အောက်တိုဘာ ၈ ရက်နေ့က ဂျပန်စီးပွားရေးသမားတွေရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။
“ကျွန်မတို့အနေနဲ့ ဒီအချက်တွေကို မိတ်ဆွေတွေထံကနေ ဖုံးကွယ်ထားမှာ မဟုတ်ပါဘူး” လို့လည်း နိုင်ငံတော်ရဲ့ အတိုင်ပင်ခံဖြစ်သူက ပြောပါတယ်။
တိုကျိုမှာ ကျင်းပမယ့် ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ပြောကြားခဲ့တဲ့ အဲဒီမိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့ တိုင်းပြည်အနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်ဖို့ဆိုရင် တည်ငြိမ်အေးချမ်းမှုရှိမှ ဖြစ်မယ်ဆိုတာကို သတိပြုမိတယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
“ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပိုမိုကြီးမားတဲ့ စီးပွားရေးအခွင့်အရေးတွေကို ကျွန်မတို့ ရှာဖွေတဲ့နေရာမှာ ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေး၊ သဟဇာတဖြစ်ရေး၊ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေး၊ အဲဒါတွေ အားလုံးကို ထည့်သွင်းစဉ်းစားရမယ်ဆိုတာကို ကျွန်မတို့ သဘောပေါက်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“ကျွန်မတို့ရဲ့ မိတ်ဆွေတွေအတွက် ကျွန်မတို့ အလွန်ကို ပွင့်ပွင့်လင်းလင်းနဲ့ ပွင့်လင်းမြင်သာမှုရှိဖို့ ဆန္ဒရှိပါတယ်။ ရှင်တို့မှာ စိုးရိမ်စရာတွေရှိရင်၊ ရှင်တို့မှာ ပူပန်စရာတွေရှိရင်၊ ကျေးဇူးပြုပြီး ကျွန်မတို့နဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြပါ” လို့ သူမက ပြောပါတယ်။
မြန်မာနိုင်ငံကို အကူအညီတွေ အများအပြားပေးနေတဲ့ ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်ဘုရင်းမင်းမြတ်နဲ့ တွေ့ဆုံခဲ့သလို ဂျပန်ဝန်ကြီးချုပ် မစ္စတာရှင်ဇိုအာဘေးနဲ့လည်း အောက်တိုတာ ၉ ရက်နေ့မှာ တွေ့ဆုံမှာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ တိုကျိုမြို့မှာ အောက်တိုဘာ ၈ ရက်နှင့် ၉ ရက်နေ့များမှာ ကျင်းပမယ့် မဲခေါင်-အာဆီယံထိပ်သီးအစည်းအဝေးသို့ ကမ္ဘောဒီးယား၊ လာအို၊ ဂျပန်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့အတူ တက်ရောက်မှာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံတကာရဲ့ ဝေဖန်ပြစ်တင်မှုတွေ၊ ဖိအားတွေ ပေါ်ထွက်နေပေမယ့် ဂျပန်အစိုးရကတော့ အဲဒီအကြပ်အတည်းကို မြန်မာအစိုးရ ဖြေရှင်းနိုင်ဖို့အတွက် ပူးပေါင်းကူညီပေးသွားမယ်လို့ ပြောကြားထားပါတယ်။