ရခိုင်အရေးနှင့် ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ရန်ကုန်မြို့တွင် တွေ့ဆုံ

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အရေးပေါ်အစည်းအဝေးကို ရန်ကုန်မြို့၊ ဆီဒိုနားဟိုတယ်တွင် ယနေ့ နံနက်ပိုင်းက စတင် ကျင်းပနေပြီဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလအစောပိုင်းက ရခိုင်ပြည်နယ်၊ မောင်တောဒေသရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းများအား အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့မှုဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံတကာက ရိုဟင်ဂျာဟု ခေါ်ဝေါ်ကြသည့် မွတ်ဆလင်အများစုနေထိုင်ရာ အဆိုပါဒေသတွင်းတွင် အစိုးရက လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက မွတ်ဆလင်များအပေါ် အတင်းအဓမ္မ ပြုကျင့်မှုများ၊ နှိပ်စက် သတ်ဖြတ်မှုများနှင့် နေအိမ်များကို မီးရှို့မှုများ စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်နေသည်ဟု နိုင်ငံတကာက စွပ်စွဲမှုများလည်း ရှိနေသည်။

အဆိုပါ စွပ်စွဲချက်များကို အစိုးရနှင့် တပ်မတော်က ငြင်းဆိုထားပြီး အောက်တိုဘာ ၉ ရက်နေ့က ရဲစခန်းများ တိုက်ခိုက်ခံရပြီးချိန်က စတင်ကာ အကြမ်းဖက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသည့်အတွက် နယ်မြေတည်ငြိမ်အေးချမ်းစေရန် တပ်မတော်နှင့် ရဲတပ်ဖွဲ့ ပူးပေါင်းပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်နေခြင်းသာ ဖြစ်သည်ဟု တုန့်ပြန်ထားသည်။

အကြမ်းဖက်သူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေဖမ်းဆီးနေသည့် စစ်ဆင်ရေးများကြောင့် ဒေသခံ ရိုဟင်ဂျာ ၂၇,၀၀၀ ခန့်မှာလည်း အိမ်နီးချင်း ဘင်္ဂလားဒေရှ့်နိုင်ငံတွင်းသို့ ထွက်ပြေးခဲ့ကြသည်ဟု ကုလသမဂ္ဂက ပြောကြားထားသည်။

ထိုကဲ့သို့ ရခိုင်ပြည်နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး အာဆီယံအပါအဝင် အိမ်နီးချင်းနိုင်ငံများက ဝေဖန်မှုများ ပေါ်ထွက်နေချိန်တွင် မြန်မာနိုင်ငံ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ယခုအရေးပေါ် အစည်းအဝေးကို ခေါ်ယူလိုက်ခြင်း ဖြစ်သည်။

အစည်းအဝေးတွင် ပြီးခဲ့သည့်နှစ်လအတွင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့မှုများနှင့် ပတ်သက်ကာ ဒေါ်အောင်ဆန်းစုကြည်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအား ရှင်းလင်းပြောကြားမည်ဟု ယူဆရသည်။

“မလေးရှားနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဆက်တိုက်ဖိအားပေးမှုတွေကြောင့် ဒီလိုအဆင့်အထိ ရောက်ရှိလာတာဖြစ်ပြီး အစည်းအဝေးကို ကျင်းပလာတာဖြစ်ပါတယ်” ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး Anifah Aman က အစည်းအဝေး မစတင်မီ အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် လူမျိုးသုဉ်း သတ်ဖြတ်မှုများ ကျူးလွန်နေမှုကို နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ခွင့်ပြုထားသည်ဟု မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇတ်က ယခုလအစောပိုင်းတွင် စွပ်စွဲ ဝေဖန်ခဲ့သေးသည်။ ထို့ပြင် မြန်မာနိုင်ငံအား အာဆီယံအဖွဲ့ဝင်အဖြစ်မှ ပြန်လည်သုံးသပ်ရန်အထိ ၎င်းက ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပြဿနာများအား အာဆီယံက ဦးဆောင်ပြီး လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရန် မလေးရှားနိုင်ငံက တောင်းဆိုခဲ့သည်။ ထို့ပြင် လွန်ခဲ့သည့် နှစ်လခန့်က စတင်ကာ စားနပ်ရိက္ခာ အထောက်အပံ့မရရှိပဲ နေထိုင်နေကြရသည့် လူပေါင်း ၁၃၀,၀၀၀ ကျော် အတွက် အဆိုပါ ဒေသသို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးပို့ခွင့်ပြုရန်လည်း တောင်းဆိုထားသည်။

“အခြေအနေက အခုဆိုရင် ဒေသတစ်ခုလုံးအတွက် ပူပန်စရာဖြစ်လာပြီလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ အတူတကွ ဖြေရှင်းသင့်ပါတယ်” ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အစည်းအဝေးတွင် ပြောကြားခဲ့သည်ဟု မလေးရှားက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

“ဒီပြဿနာ အဓိကအရင်းအမြစ်ကို ဖော်ထုတ်နိုင်ဖို့အတွက် မြန်မာနိုင်ငံအနေနဲ့ ပိုမိုလုပ်ဆောင်သင့်ပါတယ်” ဟု ၎င်းကပြောကြားသည်။

တစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားနိုင်ငံများက ဝင်ရောက်မစွက်ဖက်ရေးမူဖြင့် ရပ်တည်နေသည့် အာဆီယံအတွက် အဆိုပါ ပြောကြားချက်က ထူးခြားနေပြီး မြန်မာအစိုးရလည်း ၎င်း၏ စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီးကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုဝန်ကြီးက နေပြည်တော်သို့ ခေါ်ယူတွေ့ဆုံကာ မလေးရှားဝန်ကြီးချုပ်၏ စွပ်စွဲပြစ်တင်ချက်များကို ရှုံ့ချခဲ့ပြီး ထိုသို့ဆောင်ရွက်မှုများက အာဆီယံ၏ ရပ်တည်ချက် မူဝါဒနှင့် မကိုက်ညီကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာအလုပ်သမားများအား မလေးရှားနိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်ခွင့်ကိုလည်း မြန်မာအစိုးရက ပိတ်ပင်လိုက်သည်။

ကမ္ဘာ့ မွတ်ဆလင်အများဆုံး နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်တို့သည် နေပြည်တော်တွင် ရခိုင်အရေး တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ရိုဟင်ဂျာအကြပ်အတည်းက အာဆီယံ၏ ပုံရိပ်ကို ထိခိုက်စေနိုင်သည်ဟု အာဆီယံ၏ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း Ong Keng Yong က အေအက်ဖ်ပီကို ပြောကြားသည်။

“ဒါမျိုးပြဿနာဆိုတာ သေသေချာချာ မကိုင်တွယ်နိုင်ခဲ့ရင် အာဆီယံရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိုနဲ့ ပတ်သက်တဲ့ အထွေထွေပုံရိပ်ကို ထိခိုက်လာစေနိုင်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ အဖွဲ့ဝင်နိုင်ငံများအကြား ဆက်ဆံရေးအဆင်ပြေ ချောမွေ့စေရေးနှင့် နိုင်ငံများအကြား သတင်းအချက်အလက် ဖလှယ်မှု ပိုမိုကောင်းမွန်ရေးများကို ယနေ့အစည်အဝေးတွင် ဆွေးနွေးကြဖွယ်ရှိသည်ဟု ၎င်းကပြောကြားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar