ရခိုင်အတွက် ဂျပန်က လှူဒါန်းသည့် တတိယမြောက်ရေယာဉ် မတ်လရောက်မည်

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ရခိုင်ဌာနခွဲ၌ အသုံးပြုရန်အတွက် ဂျပန်ပြည်သူများက ပေးအပ်လှူဒါန်းသည့် တတိယမြောက်အမြန်ရေယာဉ်အား မြန်မာနိုင်ငံသို့ သယ်ဆောင်လာပြီဖြစ်သည်။

“ကစ္ဆပနဒီ-၃” ဟု အမည်ပေးထားသည့် အမြန်ရေယာဉ်အား တင်ဆောင်လာသည့် ရေယာဉ်တင် သင်္ဘောကြီးသည် ဂျပန်နိုင်ငံ ယိုကိုဟားမားဆိပ်ကမ်းမှ ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် စတင်ထွက်ခွာလာပြီး ရခိုင်ပြည်နယ်၊ ကျောက်ဖြူသို့ မတ် ၁၀ ရက်နေ့တွင် ရောက်ရှိရန် ခန့်မှန်းထားသည်ဟု ပြည်တွင်းရေကြောင်းပို့ဆောင်ရေးက ပြောကြားသည်။

ဂျပန်နိုင်ငံမှ The Economic and Social Development Programme FY 2016 အစီအစဉ်အရ ဂျပန်နိုင်ငံအစိုးရက တရားဝင်ဖွံ့ဖြိုးမှုအကူအညီ အထောက်အပံ့အဖြစ် ကမ်းရိုးတန်းနှင့် မြစ်တွင်းသွား ခရီးသည်တင် ရေယာဉ် ၃ စီး လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ထိုသို့ လှူဒါန်းခြင်းနှင့် ပတ်သက်သည့် စာချွန်လွှာကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်နေ့တွင် နှစ်နိုင်ငံ တာဝန်ရှိသူများ လဲလှယ်ခဲ့ကြသည်။

ပထမဆုံး ပေးပို့သည့် ကစ္ဆပနဒီ (၁)ရေယာဉ်သည် ဂျပန်နိုင်ငံ ကိုဘေးမြို့မှ ကျောက်ဖြူ ဆိပ်ကမ်းအနီးသို့ ၂၀၁၇ ခုနှစ်၊ မတ်လအတွင်းက ရောက်ရှိခဲ့ပြီး ဒုတိယရေယာဉ်ဖြစ်သည့် ကစ္ဆပနဒီ(၂) ရေယာဉ်သည် ထိုနှစ် ဇွန်လတွင် ရောက်ရှိခဲ့သည်။

ဂျပန်နိုင်ငံက ပေးအပ်သည့် ရေယာဉ်သုံးစီးအနက် ပထမနှစ်စီးမှာ တစ်ပတ်ရစ်ဖြစ်ပြီး နောက်ဆုံးရောက်ရှိလာသည့် ကစ္ဆပနဒီ(၃)မှာ အသစ်ဖြစ်ကာ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ SUMIDAGAWA SHIPYARD တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ရေယာဉ်သုံးစင်း၏ စုစုပေါင်းတန်ဖိုးမှာ ဂျပန်ယန်း ၁ ဒသမ ၅ ဘီလျံ (အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၅ သန်းခန့်)တန်ဖိုးရှိကြောင်း ဂျပန်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံအနောက်ဘက်ခြမ်း ပင်လယ်ကမ်းရိုးတန်းနှင့် ရိုးမတောင်တန်းကြားတွင်တည်ရှိပြီး ဆင်းရဲသည့် ရခိုင်ပြည်နယ်တွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်အတွက် သွားလာရခက်ခဲပြီး ရေလမ်းခရီးကိုသာ အဓိကထားသွားလာနေရသည်။

၂၀၁၅ ခုနှစ်၊ မတ်လအတွင်းက ကျောက်ဖြူမှ စစ်တွေသို့ ပြေးဆွဲသည့် အောင်တံခွန်-၃ သဘောၤနစ်မြုပ်မှုတွင် အနည်းဆုံးလူ ၁၆၀ ခန့် သေဆုံးခဲ့သည်။ နစ်မြုပ်ချိန်တွင် ထိုသဘောၤ၏ သက်တမ်းမှာ နှစ် ၂၀ ကျော်ရှိနေပြီဖြစ်ကာ ပင်လမ်းကမ်းရိုးတန်းတွင် သွားလာရန်အတွက် တည်ဆောက်ထားသည့် သင်္ဘောမဟုတ်ကြောင်း သိရသည်။

ထိုမတော်တဆမှုဖြစ်ပွားပြီးနောက် သဘောၤသစ်များ ထောက်ပံ့ပေးရန် ဂျပန်အစိုးရက စီစဉ်ခဲ့ခြင်းဖြစ်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.