ရခိုင်အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာကို ကိုဖီအာနန်က အစိုးရထံ တင်သွင်း

ရန်ကုန်၊ သြဂုတ် ၂၃

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က ၎င်းတို့၏ အပြီးသတ်အစီရင်ခံစာကို မြန်မာအစိုးရထံ ယနေ့နံနက်ပိုင်းက တင်သွင်းလိုက်ပြီဖြစ်သည်။

ထိုသို့တင်သွင်းရန်အတွက် ကော်မရှင်ဥက္ကဋ္ဌဖြစ်သူ ကိုဖီအာနန်သည် ရန်ကုန်မြို့သို့ သြဂုတ် ၂၂ ရက်နေ့က ရောက်ရှိနေပြီဖြစ်သည်။ အပြီးသတ်အစီရင်ခံစာကို နိုင်ငံတော်သမ္မတဦးထင်ကျော်ထံ မစ္စတာကိုဖီအာနန်က ပေးအပ်ခဲ့သည်ဟု သိရသည်။

ကော်မရှင်အနေဖြင့် အပြီးသတ် အစီရင်ခံစာတွင် ပဋိပက္ခ ကာကွယ်တားဆီးခြင်း၊ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ ပေးအပ်ခြင်း၊ လူ့အဖွဲ့အစည်းများအကြား ပြန်လည်သင့်မြတ်ရေးအတွက် ဆောင်ရွက်ခြင်း၊ အဖွဲ့အစည်များ ဖွဲ့စည်းတည်ထောင်ခြင်းနှင့် ဖွံ့ဖြိုးမှုစသည်တို့ အပါအဝင် ကော်မရှင်၏ လုပ်ပိုင်ခွင့်ဘောင်အတွင်း အကျုံးဝင်သော အကြောင်းအရာများနှင့် ပတ်သက်သည့် အကြံပြုချက်များကို ပြုလုပ်သွားမည်ဟု ကော်မရှင်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြံပြုချက်များတွင် မြန်မာအစိုးရအနေဖြင့် ချက်ခြင်း အရေးယူ ဆောင်ရွက်နိုင်သည့် အကြံပြုချက်များနှင့် ရေရှည် လုပ်ဆောင်သွားရမည့် ကိစ္စရပ်များ၊ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ကိစ္စရပ်မျာနှင့် သက်ဆိုင်သော အကြံပြုချက်များလည်း ပါဝင်သည်ဟုဆိုသည်။

ရခိုင်ပြည်နယ်တွင်း နေထိုင်သူအားလုံး၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အကြံပြုချက်များကို ကြားနေ ဘက်မလိုက်သော အဖွဲ့အစည်းအနေဖြင့် တင်ပြပေးနိုင်ရန်အတွက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ညွှန်ကြားချက်နှင့်အတူ ကိုဖီအာနန် ဖောင်ဒေးရှင်း၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလတွင် စတင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ကော်မရှင်ကို ပြည်တွင်းပညာရှင် ၆ ဦး၊ နိုင်ငံတကာပညာရှင် ၃ ဦးဖြင့် ဖွဲ့စည်းထားပြီး ကိုဖီအာနန်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။

ကော်မရှင်အနေဖြင့် ရခိုင်ပြည်နယ်ရှိ လူမှုအသိုင်းအဝိုင်းအားလုံးတွင် နေထိုင်သူများအတွက် လူသားချင်း စာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အခြေခံ ဝန်ဆောင်မှုများ ရရှိရေးဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံသား ဖြစ်ခွင့်ဆိုင်ရာ ဥပဒေရေးရာ ကိစ္စရပ်များ၊ အခြေခံ လူ့အခွင့်အရေးများ ရရှိခြင်းဆိုင်ရာ ဥပဒေရေးရာ ကိစ္စရပ်များ၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး အကြံပြုချက်များ ပံ့ပိုးပေးရမည်ဟု သတ်မှတ်ထားသည်။

အဆိုပါကော်မရှင်က ၎င်းတို့၏ ကြားဖြတ်အစီရင်ခံစာကို ပြီးခဲ့သည့် မတ်လအတွင်းက ထုတ်ပြန်ခဲ့သေးသည်။

အဆိုပါအစီရင်ခံစာထဲတွင် အကြံပြုချက်များအနေဖြင့် သတင်းထောက်များနှင့် လူသားချင်း စာနာထောက်ထားမှုလုပ်ငန်း လုပ်ဆောင်နေသူများကို ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ အကြမ်းဖက်မှု ဖြစ်ပွားခဲ့သော နယ်မြေဒေသများသို့ အတားအဆီးမရှိ သွားရောက်ခွင့်ပေးရန်နှင့် ၂၀၁၆ ခုနစ်၊ အောက်တိုဘာလ ၉ ရက်နှင့် နောက်ဆက်တွဲတွင် ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ဟူသည့် စွပ်စွဲချက်များကို လွတ်လပ်ပြီး ဘက်မလိုက်သည့် စုံစမ်းစစ်ဆေးရေး လုပ်ဆောင်ပေးရန် တောင်းဆိုထားသည်။

အောက်တိုဘာ ၉ ရက်နေ့က နယ်ခြားစောင့်ရဲစခန်းများ စီးနင်းတိုက်ခိုက်ခံရပြီးနောက် တပ်မတော်နှင့် ရဲတပ်ဖွဲ့က အဆိုပါဒေသတွင် ဆောင်ရွက်ခဲ့သည့် နယ်မြေရှင်းလင်းရေးလုပ်ငန်းများအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျူးလွန်ခဲ့သည်ဟူသည့် စွပ်စွဲချက်အများအပြား ထွက်ပေါ်ခဲ့သည်။ ထိုကာကအတွင်း ဒေသတွင်းရှိ ကျေးရွာအချို့ မီးလောက်ကျွမ်းခဲ့သလို မြန်မာနိုင်ငံမှဟူသည့် လူထောင်ပေါင်းများစွာမှာလည်း တဖက်ဘင်္ဂလားဒေရှ့်နိုင်ငံတွင်သို့ ထွက်ပြေးခဲ့ကြသည်။

မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းတို့အပေါ် မတော်မတရား ပြုကျင့်မှုများ ကျူးလွန်ခဲ့သည်ဟု ၎င်းတို့က စွပ်စွဲခဲ့ကြကာ အဆိုပါစွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရန်အတွက် အဖွဲ့တစ်ခုကို ကုလသမဂ္ဂက ဖွဲ့စည်းပေးခဲ့သည်။

သို့သော် မြန်မာအစိုးရက အဆိုပါစွပ်စွဲချက်များကို ငြင်းဆိုထားကာ ကုလသမဂ္ဂက ဖွဲ့စည်းခဲ့သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အသိအမှတ်ပြုရန်လည်း ငြင်းပယ်ခဲ့ပြီး ထိုအဖွဲ့မှ အဖွဲ့ဝင်များ မြန်မာနိုင်ငံသို့ လာရောက်ရန် ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးမည်မဟုတ်ဟု ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး ကိုဖီအာနန်ဦးဆောင်သည့် ကော်မရှင်၏ အကြံပြုချက်များကိုသာ လက်ခံသွားမည်ဖြစ်ပြီး အဆိုပါအကြံပြုချက်များအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဟု မြန်မာအစိုးရက ပြောကြားထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar