ရခိုင်အကြမ်းဖက်မှု ဒေါ်အောင်ဆန်းစုကြည်ကို အခက်တွေ့စေမှာလား

ရခိုင်ပြည်နယ်က လူမျိုးရေးတင်းမာမှုတွေက ဒေါ်အောင်ဆန်းစုကြည်အတွက် အမြဲတစေ ကြီးမားတဲ့ စိမ်ခေါ်မှုတွေ ဖြစ်နေပြီး မကြာခင်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေက ပိုမိုနက်ရှိုင်းရှုပ်ထွေးတဲ့ အနေအထားကို ရောက်သွားစေပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

အားလုံးသိကြပြီးတဲ့အတိုင်း ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက် မနက်ပိုင်း ရခိုင်ပြည်နယ် မောင်တောခရိုင်ထဲက နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းသုံးခု တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခံခဲ့ရပါတယ်။

ဖြစ်စဉ် တစ်ခုလုံးရဲ့  အသေးစိတ် အချက်အလက်တွေ မသိရသေးပေမဲ့ ဒေသခံ ဘင်္ဂါလီ မူဆလင်တွေက အစိုးရ ရဲကင်းစခန်းတွေကို ဓားတွေ၊ လှံတွေ၊ တုတ်တွေ၊ ဂျင်ဂလိလို အိမ်တွင်းဖြစ် လက်နက်တွေ အသုံးပြုပြီး လူအုပ်စုနဲ့ လျှပ်တပြက် ဝင်ရောက်တိုက်ခိုက်တဲ့ ပုန်ကန်မှု တစ်ခုဖြစ်ပါတယ်။

ဒီအကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အစိုးရတာဝန်ရှိသူတွေဘက်က ပြဿနာကို လူမျိုးရေး၊ ဘာသာရေးဆန်တဲ့ ပဋိပက္ခတွေအဖြစ် အသွင်ပြောင်းမသွားအောင်၊ ပြဿနာ ဒီထက် ကျယ်ပြန့်မလာအောင် အစွမ်းကုန် လုပ်ကိုင်ဆောင်ရွက်နေကြသလို တပ်မတော်ဘက်ကလည်း ပုန်ကန်သူတွေကို နှိမ်နင်းရေး၊ ဆုံးရှုံးသွားတဲ့ လက်နက်တွေကို ပြန်လည်ရရှိရေး အစွမ်းကုန် ဆောင်ရွက်နေကြပြီလည်း ဖြစ်ပါတယ်။

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရသစ် တက်လာချိန်မှာ ရခိုင်ပြည်နယ်က ပြဿနာဟာ ကြီးမားတဲ့ စိန်ခေါ်မှု တစ်ခုအနေနဲ့ စောင့်ကြိုနေတာပါ။ ဒီပြဿနာနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ ရှောင်ကွင်းမသွားဘူး၊ ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား လက်ခံတယ်၊ နောက် အကောင်းဆုံးဖြစ်အောင် ဖြေရှင်းသွားမယ်လို့ ပြည်သူတွေကိုရော နိုင်ငံတကာကိုပါ ကတိပေးပြီး စတင် အကောင်အထည်ဖော် ဖြေရှင်းနေချိန်လည်း ဖြစ်ပါတယ်။

ဒီလိုအချိန်မျိုးမှာ ခုလို အကြမ်းဖက် တိုက်ခိုက်ခံရမှုဖြစ်စဉ် ပေါ်ပေါက်သွားတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရခိုင်ပြည်နယ်ပြဿနာ ဖြေရှင်းရာမှာ ပိုပြီး အခက်အခဲ တွေ့စေမှာလား၊ ရခိုင်ပြည်နယ် ပြဿနာ ဖြေရှင်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည် အဓိက ရင်ဆိုင်ရမယ့် စိန်ခေါ်မှုဟာ ဘာ ဖြစ်မလဲ ဆိုတာ လေ့လာ စူးစမ်းကြည့်ကြရအောင်ပါ။

လတ်တလော အကြမ်းဖက် တိုက်ခိုက်ခံရမှု ပြဿနာ ဖြစ်ပွားပြီးပြီးချင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရအဖွဲ့ အရေးပေါ် အစည်းအဝေး ခေါ်ယူပါတယ်။ ပြဿနာကို ဒီထက် ကျယ်ပြန့်မသွားအောင် တားဆီးဖို့၊ ဥပဒေနဲ့အညီ စနစ်တကျ ကိုင်တွယ် ဖြေရှင်းဖို့ လမ်းညွှန်မှု ပေးပါတယ်။

အကြောင်းကတော့ ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်တုန်းက သေးငယ်တဲ့ ပြဿနာလေး တစ်ခုကနေ ရခိုင်ပြည်နယ်အတွင်း လူ့အဖွဲ့အစည်း နှစ်ခုအကြား ကြီးမားတဲ့ ပဋိပက္ခ အကြမ်းဖက်မှုကြီးတွေ ပေါ်ပေါက်ပြီး လူတွေသေကြေဒဏ်ရာရ၊ နေအိမ်တွေ စွန့်ခွာ ထွက်ပြေးကြရဆိုတဲ့ အခြေအနေမျိုး ရောက်ခဲ့လို့ပါပဲ။ ဒါတင်မက အဲဒီ ပြဿနာဟာ မြန်မာပြည်မ အတွင်းကိုပါ ကူးစက်ရောက်ရှိခဲ့ပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ ပြဿနာကို တရားဥပဒေနဲ့အညီ ဖြေရှင်းပါဆိုတာကလည်း အဓိပ္ပာယ် ရှိပါတယ်။ အရင် စစ်အာဏာရှင်တွေ လက်ထက်တုန်းက ရခိုင်ပြည်နယ်က ပြဿနာကို ဖြေရှင်းရာမှာ အကြမ်းဖက်မှုတွေ လုပ်ခဲ့လို့ မူဆလင်တွေတစ်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ဝင်ပြေးတာတွေ၊ ဒုက္ခသည် စခန်းတွေမှာ သွားရောက်ခိုလှှုံရတာတွေ၊ အဲဒီ ဒုက္ခသည်တွေကို မြန်မာနိုင်ငံဘက်က ပြန်လက်ခံရတာတွေ ဖြစ်ခဲ့ဖူးပြီး ဒီကနေ့အချိန်ထိ အဲဒီပြဿနာ ဖြေရှင်းလို့ မပြီးပြတ်သေးဘဲ ဖြစ်နေခဲ့တာကို ရည်ညွှန်းပုံရပါတယ်။

တကယ်တော့ တပ်ချုပ်ပြောတဲ့ အဲလို အယူအဆမျိုး ကိုင်စွဲနေသူတွေဟာ တပ်မတော် တစ်ခုတည်းတော့ မဟုတ်ပါဘူး။ ရခိုင်ပြည်နယ်က ရခိုင်တိုင်းရင်းသား အများစုနဲ့ အင်အားကြီး ပြည်ခိုင်ဖြိုးပါတီကလည်း ဒီသဘောထား အတိုင်းပါပဲ။

ပြောချင်တာက အကြမ်းဖက် ပုန်ကန်တိုက်ခိုက်မှုကို အကြမ်းဖက်မှုနဲ့ ပြန်ပြီး မတုန့်ပြန်ဖို့ သတိပေး ညွှန်ကြားတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ ရခိုင်ပြည်နယ်က ပုန်ကန်တိုက်ခိုက်မှု ပြဿနာကို အစိုးရနဲ့ တပ်မတော်ဘက်က ဥပဒေနဲ့အညီ စနစ်တကျ ဖြေရှင်းနေကြတာကို ပြည်သူတွေက လက်ခံကြရုံမက နိုင်ငံတကာ မိသားစုကလည်း ထောက်ခံ အားပေးကြပါတယ်။

ဒါပေမဲ့ ပြဿနာက အဲဒီလောက် ဖြေရှင်းရုံနဲ့ ပြီးသွားမှာ မဟုတ်ပါဘူး။ ရခိုင်ပြည်နယ်က ပဋိပက္ခ ပြဿနာနဲ့ပတ်သက်ရင် ဒေါ်အောင်ဆန်းစုကြည်ဆီမှာ ရှင်းလင်းတဲ့ ဖြေရှင်းနည်း ရှိပါတယ်။ သူလိုချင်တာကတော့ အဲဒီဒေသတွင်းမှာ မတူညီတဲ့ လူ့အဖွဲ့အစည်းနှစ်ခု ပဋိပက္ခတွေ မဖြစ်ဘဲ ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲ နေထိုင်နိုင်ရေးပါပဲ။ ရခိုင်ပြည်နယ် တိုးတက် သာယာ ဖွံ့ဖြိုးရေးပါပဲ။

ဒီအတွက် ဥပဒေ စိုးမိုးမှုရှိအောင် လုပ်ရမယ်၊ လောလောဆယ် ရခိုင်ပြည်နယ်ထဲက မူဆလင်တွေကို တည်ဆဲ ၁၉၈၂ နိုင်ငံသား ဥပဒေနဲ့ စိစစ်ရမယ်၊ ဒီလို လုပ်နေတာနဲ့ တပြိုင်နက်တည်း ၁၉၈၂ နိုင်ငံသား ဥပဒေဟာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှု ရှိမရှိ၊ တကယ်လက်တွေ့ကျင့်သုံးလို့ ရမရ ပြန်ပြီး စိစစ်သုံးသပ်ရမယ် ဆိုတာပဲ ဖြစ်ပါတယ်။

လက်ရှိ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လည်း အိန္ဒိယနိုင်ငံ ဘင်းမ်စတက် BIMSTEC အစည်းအဝေးမှာ “အစွန်းရောက်မှုရဲ့အကြောင်းခံတွေ၊ အကြမ်းဖက်ဝါဒရဲ့ဇစ်မြစ်တွေကို ဝိုင်းဝန်းတူးဖော်ရှာဖွေဖို့”ဆိုပြီး ပြောဆိုခဲ့ပါသေးတယ်။ အဓိပ္ပာယ်ကတော့ အခုပေါ်ပေါက်လာတဲ့ ပုန်ကန်မှုကို နှိမ်နင်းဖြေရှင်းရုံနဲ့မပြီး၊ ပုန်ကန်တိုက်ခိုက်မှု ဘာကြောင့် ပေါ်ပေါက်လာရသလဲ ဆိုတာကိုပါ အဖြေရှာ၊ ပြဿနာရဲ့ ရင်းမြစ်ကို ဖြေရှင်းရမယ်လို့ ဆိုလိုက်တာပါ။

ဒါပေမဲ့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ မတူ၊ ခြားနားတဲ့အမြင် ကိုင်စွဲထားတဲ့ အင်အားစုတွေကလည်း နိုင်ငံထဲမှာ အခိုင်အမာ ရှိနေပါသေးတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နယ်သာလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး  H.E. Mr. Bert Koenders ကို နေပြည်တော်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။

အဲဒီမှာ တပ်ချုပ်က ရခိုင်ပြဿနာနဲ့ပတ်သက်ပြီး ခုလို ပြောပါတယ်။ “မိမိနိုင်ငံ ဗြိတိသျှကိုလိုနီလက်အောက် ကျရောက်စဉ် ဘင်္ဂလားနယ်မှခေါ်လာတဲ့ ဘင်္ဂါလီတွေ မြန်မာနိုင်ငံ ရခိုင်ဒေသသို့ ရောက်ရှိပြီး မပြန်တော့ရာကနေ ဒေသခံတွေနဲ့ ပဋိပက္ခ စတင်ခဲ့တာဖြစ်ကြောင်း၊ သူတို့ဟာ မြန်မာ့ဓလေ့ထုံးစံတွေကို လိုက်နာခြင်းမရှိတဲ့အတွက် ဒေသခံ ရခိုင်တိုင်းရင်းသားတွေက လက်မခံနိုင်ကြောင်း၊ အဲဒီဘင်္ဂါလီတွေအနေနဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအရ စစ်ဆေးမှုကို မခံယူကြောင်း၊ အရေးကြီးဆုံးမှာ ဥပဒေနဲ့အညီ စစ်ဆေးမှုကိုခံယူတာ၊ ဥပဒေနဲ့ ညီညွတ်သူတွေကို ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေပေးတာ၊ ဥပဒေနဲ့ မကိုက်ညီတာတွေကိုလည်း UNHCR  ရဲ့အစီအစဉ်နဲ့ ဖြေရှင်းဆောင်ရွက်တာတွေ လုပ်ဆောင်ရမှာဖြစ်ကြောင်း” ဆိုပြီး ပြောဆိုခဲ့ပါတယ်။

သူဆိုလိုတာကတော့ ရခိုင်ပြည်နယ်က မူဆလင်တွေကို ၁၉၈၂ နိုင်ငံသား ဥပဒေနဲ့ စိစစ်မယ်၊ မကိုက်ညီရင် UNHCR အစီအစဉ်နဲ့ ဒုက္ခသည်စခန်းတွေ တည်ထောင်ပြီး ထားမယ်၊ ပြီးရင် ဒီနိုင်ငံက ထွက်ခွာသွားအောင် လုပ်ရမယ်ဆိုတဲ့ သဘောပါ။

တကယ်တော့ တပ်ချုပ်ပြောတဲ့ အဲလို အယူအဆမျိုး ကိုင်စွဲနေသူတွေဟာ တပ်မတော် တစ်ခုတည်းတော့ မဟုတ်ပါဘူး။ ရခိုင်ပြည်နယ်က ရခိုင်တိုင်းရင်းသား အများစုနဲ့ အင်အားကြီး ပြည်ခိုင်ဖြိုးပါတီကလည်း ဒီသဘောထား အတိုင်းပါပဲ။

ဒီသဘောထားဟာ ရခိုင်ပြည်နယ်က ပြဿနာကို လက်တွေ့ကျကျ ဖြေရှင်းချင်နေတဲ့၊ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ ပြည်တွင်းကရော နိုင်ငံတကာ အသိုင်းအဝိုင်းကပါ လက်ခံအောင် ဖြေရှင်းချင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက်တော့ အလွန်ကြီးမားတဲ့ စိန်ခေါ်မှုကြီး ဖြစ်နေပါကြောင်း တင်ပြလိုက်ရပါတယ်။

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.