ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ပြီးခဲ့သည့်သြဂုတ်လအတွင်းက ဖြစ်ပေါ်ခဲ့သည့် တိုက်ခိုက်မှုများတွင် ပါဝင်ပတ်သက်နေသူများအား စုံစမ်းဖော်ထုတ်လွှဲပြောင်းပေးရန် မြန်မာအစိုးရက ဘင်္ဂလားဒေရှ့်ကို တောင်းဆိုခဲ့သည်။
အောက်တိုဘာ ၂၅ ရက်နေ့က နေပြည်တော်တွင် မြန်မာနှင့် ဘင်္ဂလားဒေရှ့် ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးများ အပါအဝင် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးစဉ် မြန်မာဘက်ကို ထိုသို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
“၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် အကြမ်းဖက် တိုက်ခိုက်ခဲ့သော ARSA အစွန်းရောက်အကြမ်းဖက်အဖွဲ့အား မြန်မာနိုင်ငံအစိုးရမှ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာထားပြီးဖြစ်ကြောင်း၊ အဆိုပါ အကြမ်းဖက်မှုဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများ၊ အားပေး ကူညီသူများအား အရေးယူဆောင်ရွက်မှုနှင့် ထွက်ပြေး တိမ်းရှောင်နေသူများ အမည်စာရင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ လွှဲပြောင်းပေးခဲ့ပြီး အမြန်ဆုံး စုံစမ်းဖော်ထုတ်လွှဲပြောင်းပေးရန် တောင်းဆိုခဲ့ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်uလည်း ၎င်းတို့ နိုင်င်ငံအနေဖြင့် ပြစ်မှုကျူးလွန်သူများ၊ သို့မဟုတ် တရားမဝင်လက်နက်ကိုင်အဖွဲ့များနှင့် စပ်လျဉ်း၍ မည်သည့်လုပ်ရပ်ကိုမှ လက်ခံခြင်းမပြုသကဲ့သို့ ဘင်္ဂလားဒေ့ရှ် ပိုင်နက်နယ်မြေပေါ်တွင် အခြေချ အသုံးပြုခွင့်ကို ယခင်ကလည်း ခွင့်မပြုခဲ့သည့်အပြင် နောင်တွင်လည်း ခွင့်ပြုမည် မဟုတ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် ယင်းအချက်များအတိုင်း အခိုင်အမာရပ်တည်လျက်ရှိသလို ဖြစ်ပွားခဲ့ပြီးသော ပြဿနာရပ်များအား ဆက်လက်စုံစမ်း ဖော်ထုတ်ပြီး ဆောင်ရွက်မှုများနှင့် ရရှိလာမည့် သတင်းအချက်အလက်များအား အကြောင်းပြန်ကြားသွားမည်ဟုလည်း ဘင်္ဂလားဒေ့ရှ်က ပြန်လည်ဆွေးနွေးခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့များ၏ ဆွေးနွေးချက်များအရ နှစ်နိုင်ငံအကြား အချက် ၁၀ ချက်ကို ပူးပေါင်း ဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။
အဆိုပါအချက်များတွင် နယ်စပ်ဒေသလုံခြုံရေးအတွက် တိုးမြှင့်ဆောက်ရွက်ရန်အပြင် နယ်စပ်ဒေသဆက်ဆံရေး တည်ငြိမ်အေးချမ်းရန်နှင့် မူးယစ်ဆေးဝါးတရားမဝင် သယ်ဆောင်မှု တိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရန်ကိုလည်း သဘောတူညီခဲ့သည်။
ထို့ပြင် ဘင်္ဂလားဒေရ်ှ့နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ရေးကိုလည်း သဘောတူညီခဲ့ကြသည်။
ပြီးခဲ့သည့်သြဂုတ်လ တိုက်ခိုက်မှုနောက်ပိုင်း အဆိုပါဒေသတွင် တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့်အချိန်မှ စတင်ကာ လူပေါင်း ခြောက်သိန်းခန့် ဘဂ်လားဒေရှ့်နိုင်ငံတွင်းသို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးဝင်ရောက်လာခဲ့ကြသည်ဟု ကုလသမဂ္ဂက ပြောကြားထားသည်။ ထွက်ပြေးလာသူအများစုမှာ ဘင်္ဂလားဒေရှ့်နိုင်ငံတွင်းရှိ ပြည့်ကြပ်ညပ်နေသော ဒုက္ခသည်စခန်းများတွင် နေထိုင်နေရပြီး ၎င်းတို့အား ပြန်ခေါ်ရန် နိုင်ငံတကာကလည်း မြန်မာအစိုးရကို ဖိအားပေးမှုများ ရှိနေသည်။
သို့သော် မြန်မာအစိုးရကမူ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ဖူးသည့် အထောက်အထား ရှိသူများကိုသာ ပြန်လည်လက်ခံမည်ဟု ပြောကြားထားသည်။
“ဆွေးနွေးတဲ့ အဓိကအချက်က မြန်မာဘက်မှာ နေထိုင်ခဲ့ဖူးတဲ့ အထောက်အထား ခိုင်လုံတဲ့လူတွေကို ဒီအကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် ဘင်္ဂလာဒေ့ရှ်ဘက်ကို ရောက်ရှိနေတာတွေကို ဒီဘက်မှာ နေထိုင်ခဲ့တဲ့ အထောက်အထားပါလာလို့ရှိရင် ပြန်ခေါ်တဲ့အနေအထား၊ မြန်မာနိုင်ငံသားဆိုပြီးတော့ ကျွန်တော်တို့ ပြန်ခေါ်တာမဟုတ်ဘူး။ ဒုက္ခသည်ဆိုတာ ပြန်ခေါ်တာမဟုတ်ဘူး။ ဒုက္ခသည်နဲ့ ပတ်သက်တဲ့ Process တွေကို မဆွေးနွေးသေးဘူး” ဟု နယ်စပ်ဖြတ်ကျော်မှုခင်းဌာနကြီးမှုး ရဲမှုးချုပ် အောင်ဌေးမြင့်က ပြောကြားခဲ့ကြောင်း ဗီအိုအေသတင်းဌာနက ရေးသားထားသည်။
ဆွေးနွေးပွဲသဘောတူညီချက်များတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မြန်မာနိုင်ငံသားများ ဝင်ရောက်မှုအား ချက်ချင်းရပ်တန့်ရန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများအား စောနိုင်သမျှ အစောဆုံး ပြန်လည်နေရာချထားရေးအတွက် ရခိုင်ဒေသအတွင်း ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိရန်လည်း ပါဝင်သည်ကို တွေ့ရသည်။
ထို့ပြင် ရခိုင်ဒေသမှ စွန့်ခွာထွက်ပြေးသူများ ပြန်လည်ခေါ်ယူရေးနှင့် စပ်လျဉ်း၍ နှစ်နိုင်ငံသဘောတူညီချက် များကိုလည်း အပြီးသတ် ဆောင်ရွက်သွားမည်ဖြစ်သည်။