ရခိုင်သို့ အထောက်အပံ့ရေယာဉ်စေလွှတ်မှုကို တားဆီးပေးရန် မြန်မာက မလေးရှားကို အကြောင်းကြား

မလေးရှားနိုင်ငံရှိ အစိုးရမဟုတ်သောအဖွဲ့အစည်း (NGO) များ၏ စီစဉ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသည့် သင်္ဘောစေလွှတ်မည့်အစီအစဉ်ကို တားဆီးပေးရန် မြန်မာအစိုးရက မလေးရှားအစိုးရထံ အကြောင်းကြားခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

“NGOs အဖွဲ့အစည်းများမှ မြန်မာနိုင်ငံအစိုးရ၏ ကြိုတင်ခွင့်ပြုချက် မရယူဘဲ ဝင်ရောက်ခွင့်ပြုမထားသော အထောက်အပံ့ ရေယာဉ်များ စေလွှတ်မည့် သတင်းများအပေါ် တားဆီးရန်အတွက် မလေးရှားနိုင်ငံ အစိုးရမှ လိုအပ်သည့် နည်းလမ်းများ ဆောင်ရွက်ပေးသွားမည်ဆိုပါက ကျေးဇူးတင်ရှိမည်ဖြစ်ကြောင်း မလေးရှားသံရုံးအား အကြောင်းကြားထားကြောင်း သတင်းထုတ်ပြန်အပ်ပါသည်” ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး၏ ဇန်နဝါရီ ၆ ရက်နေ့က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံ အစိုးရများအနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ လူ့အသိုင်းအဝိုင်း နှစ်ခုလုံးအတွက် ခွဲခြားမှု မရှိဘဲ ပေးပို့လာမည့် လူ့သားချင်းစာနာထောက်ထားမှု အကူအညီများကို မြန်မာနိုင်ငံက ဝမ်းမြောက် ကြိုဆိုသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သို့သော် ထောက်ပံ့ကူညီလိုသည့် အာဆီယံနိုင်ငံများအနေဖြင့် လျော်ကန်သင့်မြတ်သည့် သံတမန် လမ်းကြောင်းများမှတစ်ဆင့် အဆိုပြုချက်များ တင်ပြဆောင်ရွက်ရန်နှင့် ရခိုင်ပြည်နယ်သို့ လှူဒါန်းလိုသည့် လူသားချင်း စာနာထောက်ထားမှု အကူအညီများအား ငွေသား သို့မဟုတ် အလားတူ ကူညီမှုများကို သံတမန်လမ်းကြောင်းဖြင့်သာ ပေးအပ်ကြရန် တိုက်တွန်းထားသည်။

ထောက်ပံ့ရေးပစ္စည်းများအား သင်္ဘောဖြင့် ပို့ဆောင်မည့်အစီအစဉ်အား ၎င်းတို့ထံ အကြောင်းကြား ခွင့်ပြုချက် တောင်းခံထားခြင်းမရှိသေးဟု မြန်မာအစိုးရက ပြောကြားသော်လည်း မလေးရှား NGO များကမူ ဒီဇင်ဘာ ၁၂ ရက်နေ့ကတည်းက မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနထံမှတစ်ဆင့် စာပေးပို့ကာ ခွင့်ပြုချက်တောင်းခံထားသည်ဟု ပြောကြားကြသည်။

သို့သော် ယခုလ ၁၀ ရက်နေ့တွင် မလေးရှားနိုင်ငံမှ သင်္ဘောထွက်ခွာရန် စီစဉ်ထားမှုကို ယခုလကုန်အထိ ရွှေ့ဆိုင်းလိုက်သည်ဟု ၎င်းတို့က ယခုလ ၅ ရက်နေ့က ပြောကြားခဲ့သည်ဟု Channel News Asia (CNA) သတင်းဌာနက ရေးသားထားသည်။

မြန်မာအစိုးရထံမှ ခွင့်ပြုချက်ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ ယခုလကုန်တွင် မလေးရှားနိုင်ငံမှ သင်္ဘောစတင်ထွက်ခွာမည်ဖြစ်ကာ မြန်မာနိုင်ငံမှ ခွင့်ပြုချက်မရရှိပါက ဘင်္ဂလားဒေရှ့်နိုင်ငံတွင် ဆိုက်ကပ်ရန် စီစဉ်ထားသည်ဟု ဇန်နဝါရီ ၅ ရက်နေ့က ကွာလာလမ်ပူမြို့အပြင်ဘက်ရှိ သိုလှောင်ရုံတွင်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းတို့က ပြောကြားကြောင်း CNA သတင်းဌာနက ရေးသားထားသည်။

“ကျွန်တော်တို့ကို ကြည့်ပါ။ ကျွန်တော်တို့က အကြမ်းဖက်သမားတွေ မဟုတ်ပါဘူး။ ကျွန်တော်တို့က သူတို့နဲ့ တိုက်ခိုက်ဖို့ အဲဒီကို သွားမှာ မဟုတ်ပါဘူး။ သူတို့ပြဿနာတွေ ပြေလည်စေဖို့အတွက် ကျွန်တော်တို့ သွားမှာ ဖြစ်ပါတယ်” ဟု ဦးဆောင်စီစဉ်သူ မလေးရှားအစိုးရလိုလားသည့် NGO ဖြစ်သော Putera 1Malaysia Club ၏ ဥက္ကဋ္ဌ Mr Abdul Azeez က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်ဟု CNA က ရေးသားထားသည်။

“လူသားချင်း စာနာထောက်ထားမှုလုပ်ငန်းအတွက် ဝင်ရောက်ကူညီခွင့်ရရှိစေဖို့ ကျွန်တော်တို့က တောင်းပန်နေတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ကူညီထောက်ပံ့ရေးပစ္စည်း တန် ၂,၀၀၀ ခန့်ကို အဆိုပါသိုလှောင်ရုံတွင် သိမ်းဆည်းထားပြီး ပေးပို့ရန် အဆင်သင့်ဖြစ်နေပြီဟု သတင်းတွင် ရေးသားထားသည်။ အဆိုပါ အကူအညီများကို မွတ်ဆလင်များနှင့် မွတ်ဆလင်မဟုတ်သူများထံကိုပါ ပေးပို့သွားမည်ဟု Mr Azeez က ပြောကြားသည်။

မလေးရှားနိုင်ငံမှ အကူအညီများကို သင်္ဘောဖြင် ရခိုင်ပြည်နယ်သို့ တိုက်ရိုက်ပို့ဆောင်မည့်အစီအစဉ်နှင့် ပတ်သက်ပြီး မြန်မာပြည်တွင်းတွင် ဝေဖန်မှုများ ရှိနေသည်။ မြန်မာအစိုးရ၏ ခွင့်ပြုချက်ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ အကူအညီများအား ပေးပို့သွားမည်ဟု မလေးရှားနိုင်ငံမှ စီစဉ်သူများ၏ အစောပိုင်းတွင် ပြောဆိုမှုများကြောင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို စော်ကားခြင်းဖြစ်သည်ဟု လူမှုကွန်ယက်တွင် ဝေဖန်မှုများ ပေါ်ထွက်လာသည်။

မလေးရှားနိုင်ငံ၊ အစ္စလာမ်အဖွဲ့အစည်းများကောင်စီ၏ ဥက္ကဋ္ဌဖြစ်သူ Mr Mohd Azmi Abdul Hamid ကမူ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို စိန်ခေါ်ခြင်းမဟုတ်ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“ကျွန်တော်တို့အနေနဲ့ တိုင်းပြည် (မြန်မာနိုင်ငံ)ရဲ့ အချုပ်အခြာအာဏာကို စိန်ခေါ်ဖို့ မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ တိုင်းပြည်ကို စော်ကားဖို့လည်း မဟုတ်ပါဘူး။ ကျွန်တော်တို့က အာဆီယံမိသားစုဝင်တွေ ဖြစ်ကြပါတယ်” ဟု ၎င်းက ပြောကြားခဲ့ကြောင်း CNA က ရေးသားထားသည်။

ထိုသို့မလေးရှား NGO များက ရခိုင်ပြည်နယ်အတွက် ကူညီထောက်ပံ့ရေးပစ္စည်း ပို့ဆောင်မည့်အစီအစဉ်သည် ကွာလာလမ်ပူမြို့ရှိ အကြီးဆုံးသော ဗုဒ္ဓဘာသာကျောင်းတော်ကြီး၏ ထောက်ခံမှုကိုလည်း ရရှိထားသည်ဟု CNA က ရေးသားထားသည်။

“နောက်ကွယ်က အစီအစဉ်တွေ မရှိပါဘူး။ အကြမ်းဖက်မှုလည်း မဟုတ်ပါဘူး။ ရိုးသားစွာဆောင်ရွက်နေတဲ့ စီမံချက်တစ်ခုပါ” ဟု ဆရာတော် K Sri Dhammaratana က ပြောကြားသည်။

အထောက်အပံ့ပစ္စည်းများကို သင်္ဘောဖြင့် ပေးပို့မည့် စီမံချက်တွင် အင်ဒိုနီးရှား၊ ထိုင်းနှင့် ဖိလစ်ပိုင်မှ NGO များလည်း ပါဝင်ကြသည်ဟု CNA က ရေးသားထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar