ရခိုင်ပြည်နယ်သို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရန်အတွက် ပိုမို ဝင်ရောက်ခွင့်ပေးရန် အာဆီယံထိပ်သီးဆွေးနွေးပွဲက တောင်းဆိုလိုက်ကြောင်း ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်တွင် ကျင်းပသော ၃၁ ကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲအပြီး ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
ထိပ်သီးဆွေးနွေးပွဲ သဘာပတိဖြစ်သည့် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေက ထုတ်ပြန်သည့် ထိုကြေညာချက်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားသည့် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့ကြသော မူဆလင်ခြောက်သိန်းခန့်အကြောင်းအား ထည့်သွင်းပြောကြားထားခြင်း မရှိပေ။ စာမျက်နှာ ၁၄ မျက်နှာနှင့် အချက် ၁၄၄ ချက်ပါဝင်သော ထိုကြေညာချက်တွင် နိုဝင်ဘာ ၁၃ ရက်နေ့ ရက်စွဲတပ်ထားသော်လည်း နိုဝင်ဘာ ၁၆ ရက်နေ့မှ အများပြည်သူထံ ထုတ်ပြန်ခဲ့သည်။ ကြေညာချက်တွင် ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ အချက် ၈၇ တွင် စာပုဒ်တစ်ပုဒ်ဖြင့် ဖော်ပြထားသည်။
ထိပ်သီးဆွေးနွေးပွဲတွင် ခေါင်းဆောင်များက မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ဆောင်နေသည့် အစီအစဉ်ကို ထောက်ခံကြောင်း ဖော်ပြခဲ့ကြပြီး ကြက်ခြေနီလှုပ်ရှားမှုနှင့် ပူးပေါင်း၍ မြန်မာအစိုးရ ဦးဆောင်သည့် ဆောင်ရွက်မှု ယန္တရားစတင်မှုနှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ ကူညီမှုကို ကြိုဆိုပါသည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
ထိခိုက်မှုရှိသည့် နေရာများသို့ လူသားချင်းစာနာမှုဆိုင်ရာ ကူညီမှုများ ဝင်ရောက်ခွင့် တိုးမြှင့်ပေးရေးနှင့် ထိခိုက်သော လူ့အသိုင်းအဝိုင်းအားလုံးအား အကူအညီပေးရေးမှာ အရေးကြီးကြောင်း ခေါင်းဆောင်များက အလေးထား ပြောကြားခဲ့သည်ဟု ကြေညာချက်က ဆိုသည်။
ထို့အပြင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ နောက်ဆုံးအစီရင်ခံစာပါ တိုက်တွန်းချက်များကို ဆက်လက် အကောင်အထည်ဖော်ရန်လည်း ခေါင်းဆောင်များက မြန်မာနိုင်ငံကို တိုက်တွန်းခဲ့သည်။
အရပ်သားများ အန္တရာယ်ကင်းစေရန်၊ ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှု အဆုံးသတ်ရေး ချက်ခြင်းဆောင်ရွက်ရန်၊ လူမှုစီးပွား အခြေအနေများ ပုံမှန်ပြန်ဖြစ်ရန်နှင့် ဒုက္ခသည်ပြဿနာကို စစ်ဆေး အတည်ပြုခြင်း လုပ်ငန်းစဉ်ဖြင့် ကိုင်တွယ် ဖြေရှင်းရေးတို့ကို သေချာစွာ လုပ်ဆောင်မည်ဆိုသည့် မြန်မာအာဏာပိုင်များ၏ ကတိကဝတ်ကို ကြိုဆိုကြောင်းလည်း ကြေညာချက်တွင် ဖော်ပြသည်။
ရခိုင်ပြည်နယ်တွင် စဉ်ဆက်မပြတ်နှင့် သာတူညီမျှ ဖွံ့ဖြိုးရေးအပြင် လူ့အသိုင်းအဝိုင်းအမျိုးမျိုးကြား သဟဇာတဖြစ်ရေးနှင့် ရင်ကြားစေ့ရေးကို မြှင့်တင်ရန်၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဥပဒေစိုးမိုးရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းမှုများကိုလည်း ထောက်ခံကြောင်း ဖော်ပြထားသည်။