ရခိုင်မှာဖြစ်ပွားနေတဲ့ ပြဿနာတွေကို အကြောင်းပြုပြီး IS က မလေးရှားမှာ လူသစ်စုဆောင်းနေ

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ရိုဟင်ဂျာပြဿနာကို အကြောင်းပြုပြီး အစ္စလာမ်အစွန်းရောက်အဖွဲ့ဖြစ်တဲ့ IS က မလေးရှားမှာ လူသစ်စုဆောင်းတာတွေ လုပ်ဆောင်နေတယ်လို့ မလေးရှားရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။

သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်ဖို့အတွက် ISIS က ရိုဟင်ဂျာပြဿနာကို စင်မြင့်တစ်ခုအဖြစ် အသုံးပြုနေတယ်လို့ မလေးရှားရဲတပ်ဖွဲ့ရဲ့ အထူးဌာနခွဲဖြစ်တဲ့ အကြမ်းဖက်နှိမ်နင်းရေးဌာနရဲ့ လက်ထောက်ဒါရိုက်တာ Datuk Ayob Khan Mydin Pitchay က ပြောကြားကြောင်း စင်ကာပူ Strait Times သတင်းစာ ဝက်ဘ်ဆိုက်မှာ ယနေ့ ရေးသားထားပါတယ်။

ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို ကာကွယ်ဖို့အတွက်ဆိုပြီး မြန်မာအစိုးရကို “ဘာသာရေးစစ်ပွဲ” ဆင်နွှဲရာမှာ အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေမှာရှိတဲ့ Islamic State က ကျောထောက်နောက်ခံပေးထားတဲ့ မလေးရှားအချို့ ပါဝင်ပတ်သက်နေတယ်လို့ သူက ပြောလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ သူတို့ရဲ့ အရှိန်အဝါကို ဖြန့်ကျက်ဖို့အတွက် မြန်မာနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့ နီးကပ်နေမှုကို IS တို့က အခွင့်ကောင်းယူနေတာဖြစ်တယ်လို့ သူကဆိုပါတယ်။

“ဆီးရီးယားတို့၊ ဖိလစ်ပိုင်တောင်ပိုင်းတို့ထက်စာရင် မြန်မာက မလေးရှားနဲ့ ပိုပြီး နီးကပ်ပါတယ်။ အခုဆိုရင် သူတို့အတွက် ဂျီဟတ်ဆင်နွှဲဖို့ နောက်ဆုံးဦးတည်တဲ့နေရာက ရခိုင်ဖြစ်နေပါပြီ” လို့ Datuk Ayob က ပြောကြားတယ်လို့ သတင်းစာမှာ ရေးသားထားပါတယ်။

သြဂုတ် ၂၅ ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ နယ်ခြားစောင့်ရဲစခန်းတွေကို ARSA က တစ်ပြိုင်နက်အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့အချိန်ကစပြီး အဲဒီဒေသမှာ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ အစိုးရက အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားခြင်းခံရတဲ့ ARSA ဟာ ပြည်ပအထောက်အပံ့တွေ ရရှိထားပြီး IS နဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

အကြမ်းဖက်စစ်သွေးကြွတွေကို နှိမ်နင်းတဲ့ အစိုးရရဲ့ စစ်ဆင်ရေးတွေအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရိုဟင်ဂျာတွေရဲ့ကျေးရွာတွေကို မီးရှိုှု့မှုတွေ ကျူးလွန်ခဲ့သလို လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်း ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ပေါ်ထွက်နေပါတယ်။

ဒီလို လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အနိုင်အထက် ပြုကျင့်သတ်ဖြတ်မှုတွေကြောင့်ဆိုပြီး ရိုဟင်ဂျာ ထောင်ပေါင်းများစွာဟာ နယ်စပ်ကိုဖြတ်ကျော်ပြီး အိမ်နီးချင်း ဘင်္ဂလားဒေရှ့်နိုင်ငံတွင်းကို ထွက်ပြေးခဲ့ကြပါတယ်။

ဘင်္ဂလားဒေရှ့်နိုင်ငံဘက်က လာတဲ့သတင်းတွေအရ ရိုဟင်ဂျာလေးသိန်းကျော်ဟာ ဘင်္ဂလားဒေရှ့်နိုင်ငံတွင်းသို့ ထွက်ပြေးရောက်ရှိလာကြတယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာတွေကို မြန်မာလုံခြုံရေးတပ်တွေက အနိုင်အထက်ပြုကျင့်သတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့အတူ နိုင်ငံတကာရဲ့စိုးရိမ်ပူပန်မှုတွေလည်း မြင့်တက်လာနေပြီး မြန်မာအစိုးရအပေါ် ဖိအားပေးမှုတွေ ပေါ်ပေါက်နေပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar