ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဦးညီပုကို ခန့်အပ်မည်ဟု အင်န်အယ်လ်ဒီ ပြောကြား

နေပြည်တော်၊ မတ် ၄

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် မူလလျာထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) ၏ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးညီပုကို ခန့်အပ်မည်ဖြစ်သော်လည်း ရှမ်းပြည်နယ်အတွက်မူ အခြားပါတီမှ အနိုင်ရ ကိုယ်စားလှယ် တစ်ဦးကို ခန့်အပ်မည်ဟု အင်န်အယ်လ်ဒီ၏ အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်က ယနေ့ ပြောကြားသည်။

ယနေ့ နေ့လယ်ပိုင်းက နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ နှင်းဆီစံအိမ်တွင် ပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီ အမှုဆောင်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးအပြီးတွင် ၎င်းက ပြောကြားခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အတွက်မူ အင်န်အယ်လ်ဒီပါတီဝင်မဟုတ်ဘဲ အခြား ပါတီများထဲမှ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကို ခန့်အပ်မည်ဟု ၎င်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံဆွေးနွေးမှုများတွင် တပ်မတော်က ပြည်နယ်သုံးခုနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့၏ ဝန်ကြီးချုပ် လေးနေရာကို ၎င်းတို့ စိတ်ကြိုက် ခန့်အပ်ရန် တောင်းဆိုထားခြင်းကို အင်န်အယ်လ်ဒီက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးနှင့် အလဲအထပ် လုပ်နေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ ထို့နောက် သမ္မတလောင်းများ ရွေးချယ်ရေးအတွက် အမည်စာရင်းများ တင်သွင်းနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အလိုက် အစည်းအဝေးများ စတင်ကျင်းပမည့်ရက်ကို မူလက မတ် ၁၇ ရက်နေ့ သတ်မှတ်ထားရာမှ ရှေ့တိုးကာ မတ် ၁၀ ရက်နေ့တွင် စတင်ကျင်းပမည်ဟု ပြည်ထောင်စုလွှတ်တော်က ကြေညာလိုက်သည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးမှာ လက်ရှိအချိန်တွင် မှေးမှိန်သွားပြီဖြစ်သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးမှာ အနှေးနှင့် အမြန်သာ ကွာမည်ဖြစ်သည်ဟု ဦးဝင်းထိန်က ယခုရက်သတ္တပတ် အစောပိုင်းက ပြောကြားခဲ့သည်။

အင်န်အယ်လ်ဒီ၏ ယနေ့အစည်းအဝေးတွင် အစိုးရသစ် ဖွဲ့စည်းရန်နှင့် သမ္မတရွေးချယ်မည့် အစီအစဉ်များနှင့် ပတ်သက်ပြီး ဆွေးနွေးကြသည်ဟု ယူဆရသော်လည်း အဆိုပါကိစ္စများနှင့် ပတ်သက်ပြီး မေးမြန်းမှုမျာကို ဦးဝင်းထိန်က ဖြေကြားခဲ့ခြင်း မရှိပေ။

သတင်း – စိုးသန်းလင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar