ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌအဖြစ် အေအေအဖွဲ့ စစ်ဦးစီးချုပ်၏ ယောက္ခမ ရွေးချယ်ခံရ

နေပြည်တော်

တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်သည့် ရခိုင်တပ်မတော် (အေအေ)၏ စစ်ဦးစီးချုပ်နှင့် ဆွေမျိုးတော်စပ်သူတစ်ဦးသည် စစ်တွေမြို့တွင် ကျင်းပခဲ့သည့် ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရသည်။

ဖေဖော်ဝါရီ ၈ ရက်နေ့က ကျင်းပသည့် ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ရခိုင်အမျိုးသားပါတီ၏ ပုဏ္ဍားကျွန်းမြို့နယ်မှ ကိုယ်စားလှယ် ဦးစံလှကျော်ကို လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့သည်ဟု လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။ ၎င်းသည် အေအေ၏ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်၏ ယောက္ခမတော်စပ်သူဖြစ်သည်။

တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ပြီးခဲ့သည့်နှစ်က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာစာချုပ်တွင် ပါဝင်ခွင့်မရရှိခဲ့သည့် အဖွဲ့လေးခုတွင် အေအေအဖွဲ့လည်း အပါအဝင်ဖြစ်သည်။ တပ်ဖွဲ့ဝင်အင်အား ၁,၅၀၀ ခန့်ရှိနိုင်သည့် ရခိုင်တပ်မတော်ကို ကချင်လွပ်မြောက်ရေးတပ် (ကေအိုင်အို)က လေ့ကျင့်ပေးထားပြီး ပြီးခဲ့သည့်နှစ်အတွင်း ရခိုင်ပြည်နယ်၌ တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်သည် ကေအိုင်အေဌာနချုပ်ဖြစ်သည့် လိုင်ဇာတွင် နေထိုင်နေသည်ဟု ယူဆရသည်။

ကျောက်တော်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံ ၂,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ ထို့ကြောင့် အေအေအဖွဲ့အား အပြီးတိုင် ချေမှုန်းသွားမည်ဟု တပ်မတော်က ပြီးခဲ့သည့်လက ကြေညာခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များ ပထမဆုံး တက်ရောက်ရသည့် ထိုလွှတ်တော်အစည်းအဝေးတွင် ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ် ဦးဘုန်းမင်းသည် ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရသည်။

သို့သော် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ရွေးချယ်ရေးမှာမူ စိတ်ဝင်စားဖွယ် အစီအစဉ်တစ်ခုအဖြစ် ကျန်ရှိနေဆဲဖြစ်သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတကသာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို ရွေးချယ်ခန့်အပ်ပေးရမည်ဖြစ်သည်။

ဒေသတွင်း အကြီးဆုံးပါတီဖြစ်သည့် ရခိုင်အမျိုးသားပါတီသည် ပြည်နယ်လွှတ်တော်၏ ၃၅ နေရာအနက် ၂၂ နေရာတွင် အနိုင်ရရှိထားသော်လည်း တပ်မတော်ကိုယ်စားလှယ် ၁၂ နေရာကြောင့် လွှတ်တော်တွင်း လွှမ်းမိုးထားနိုင်သည့် အခြေအနေကို ရရှိမထားပေ။

မင်းပြား မဲဆန္ဒနယ် ၂ မှ ပါတီ၏ ကိုယ်စားလှယ်ဖြစ်သူ ဦးလှအောင်ညွန့်မှာလည်း ပြိုင်ဘက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်လောင်းအတွက် အလုပ်လုပ်ပေးနေသော အမျိုးသမီးတစ်ဦးအား နှောက်ယှက်ခဲ့မှုကြောင့် ထောင်ဒဏ်အပြစ်ပေးခံခဲ့ရကာ ပါတီအတွက် ကိုယ်စားလှယ်နေရာတစ်ခု ဆုံးရှုံးသွားခဲ့ရသည်။

ရခိုင်ပြည်နယ်လွှတ်တော်တွင် ကိုယ်စားလှယ် ရှစ်နေရာ ရရှိထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီ၏ကိုယ်စားလှယ် ဦးညီပုကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်လောင်းအဖြစ် တင်သွင်းထားသည်။ ရခိုင်အမျိုးသားပါတီကလည်း ၎င်းတို့ပါတီဝင်တစ်ဦးအား ဝန်ကြီးချုပ်အဖြစ် မခန့်အပ်ပါက လွှတ်တော်ကို သပိတ်မှောက်မည်ဟု ပြန်လည်တုန့်ပြန်ထားသည်။

သတင်း- မြတ်ကျော်သူ နှင့် ရှောင်ဂလေစင်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar