ဘင်္ဂလားဒေရှ့်မှ ပြန်လာကြမည့်သူများအတွက် နေအိမ်များ တည်ဆောက်ပေးရေးအပါအဝင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် အိန္ဒိယနှင့် မြန်မာတို့ သဘောတူညီခဲ့ကြသည်ဟု သတင်းများတွင် ဖော်ပြထားသည်။
မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်ရှိ ဒေသခံပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးရေး အထောက်အပံ့အဖြစ် အိန္ဒိယက ၅ နှစ်အတွင်း တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၅ သန်း ထောက်ပံ့မည့် “မြန်မာ- အိန္ဒိယနှစ်နိုင်ငံ အစိုးရအကြား ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ” အား နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့သည်ဟု ဖော်ပြထားသည်။
အဆိုပါ သဘောတူညီချက်အား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးစိုးအောင်နှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန Foreign Secretary ဖြစ်သူ Mr S. Jaishankar တို့ နေပြည်တော်တွင် ဒီဇင်ဘာ ၂၀ ရက်နေ့က လက်မှတ်ရေးထိုးခဲ့သည်ဟု အိန္ဒိယသတင်းစာများက ဖော်ပြသည်။
အဆိုပါ သဘောတူညီချက်တွင် ရခိုင်ပြည်နယ်သို့ ပြန်လာမည့်သူများအတွက် အဆင့်တပ်ဆင်နိုင်သည့် နေအိမ်များကို တည်ဆောက်ပေးမည့် စီမံချက်အပါအဝင် အခြားလိုအပ်ချက်များကို အိန္ဒိယအစိုးရက ဆောင်ရွက်ပေးမည်ဟု အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ်တွင် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိစေရေးနှင့် ထွက်ပြေးသွားကြသူများ အန္တရာယ်ကင်းစွာ ပြန်လာနိုင်ရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းနေမှုများကို ကူညီပေးရန် သဘောတူညီချက်က ရည်ရွယ်ထားသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ထွက်ပြေးသွားကြသူများအား ပြန်လည်လက်ခံရေးအတွက် သဘောတူညီချက်ကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ ရက်နေ့တွင် မြန်မာနှင့် ဘင်္ဂလားဒေရှ့်သို့ လက်မှတ်ရေးထိုးပြီးနောက် အိန္ဒိယက အကူအညီပေးရန် ဆောင်ရွက်လာခြင်းဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် တရားဝင်ခရီး လာရောက်ခဲ့သည့် အိန္ဒိယဝန်ကြီးချုပ်က ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးအကူအညီပေးမည်ဟု ကတိပြုခဲ့ပြီးနောက် ယခုသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်းလည်း ဖြစ်သည်။