ရခိုင်ပြည်နယ်၏ အခြေအနေ တိုးတက်လာဟု ဒုသမ္မတက ကုလသမဂ္ဂတွင် ပြောကြား

အကြမ်းဖက်မှုများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင် အကြပ်အတည်းများ လျော့ကျလာပြီဟု ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပြောကြားလိုက်သည်။

“အခြေအနေတွေ တိုးတက်မှုရှိလာပြီဆိုတာကို ကျွန်တော်ဝမ်းမြောက်စွာနဲ့ အသိပေးလိုပါတယ်” ဟု ၎င်းက စက်တင်ဘာ ၂၀ ရက်နေ့တွင် ကျင်းပသည့် ညီလာခံတွင် ပြောကြားလိုက်သည်။

သို့သော် ဘင်္ဂလားဒေရှ့်နိုင်ငံဘက်သို့ မူဆလင်အများအပြား ထွက်ပြေးနေကြဆဲဖြစ်သည်ဟူသည့် သတင်းများ ကြားသိနေရသဖြင့် ပူပန်မိကြောင်းလည်း ဒုသမ္မတက ပြောကြားခဲ့သည်။

“ဒီလိုမျိုး အစုလိုက်အပြုံလိုက် ထွက်ပြေးကြတဲ့ အကြောင်းရင်းကို ကျွန်တော်တို့အနေနဲ့ ရှာဖွေဖော်ထုတ်ဖို့ လိုအပ်ပါတယ်” ဟု ၎င်းကပြောကြားသည်။

ရခိုင်ပြည်နယ်ရှိ မူဆလင်အများအပြား နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေရှ့်နိုင်ငံဘက်သို့ အစုလိုက်အပြုံလိုက် ထွက်ပြေးနေကြသည့်အကြောင်းအရင်းကို ရှာဖွေရမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်း၌ ပြောကြားအပြီး ဒုသမ္မတက ထပ်မံပြောကြားခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂ၏ ပြောကြားချက်များအရ ရခိုင်ပြည်နယ်မှ မူဆလင် ၄၂၀,၀၀၀ ကျော်မှာ ဘင်္ဂလားဒေရှ့်နိုင်ငံဘက်သို့ ထွက်ပြေးလာခဲ့ကြသည်ဟုဆိုသည်။ ရခိုင်ပြည်နယ်တွင် စစ်တပ်က ဆောင်ရွက်နေသည့် နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးများအတွင်း ၎င်းတို့၏ နေအိမ်များနှင့် ကျေးရွာများ မီးရှို့ခံခဲ့ရပြီး အဓမ္မပြုကျင့်မှုများကိုလည်း တွေ့ကြုံခဲ့ရသည်ဟု ထွက်ပြေးလာသူများက စွပ်စွဲခဲ့ကြသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်ကမူ စက်တင်ဘာ ၅ ရက်နေ့မှ စတင်ကာ ထိတွေ့တိုက်ခိုက်မှုများနှင့် နယ်မြေရှင်းလင်းမှုများ မရှိတော့ဟု စက်တင်ဘာ ၁၈ ရက်နေ့က နေပြည်တော်တွင် ပြောကြားခဲ့သည်။ သို့သော် ယနေ့အချိန်အထိ မြန်မာနိုင်ငံဘက်မှ ကျေးရွာအချို့တွင် မီးလောင်မှုများ ဖြစ်ပွားနေသည်ကို တွေ့မြင်နေရဆဲဖြစ်သည်ဟု ဘင်္ဂလားဒေရှ့်နိုင်ငံဘက်မှလာသော သတင်းများအရ သိရသည်။

ဦးဟန်နရီဗန်ထီးယူက ၁၅ မိနစ်ခန့်ကြာမြင့်သည့် ၎င်း၏ မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က သံတမန်များနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအား ပြောကြားခဲ့သည်များကို ပြန်လည်ကိုးကား ပြောကြားသွားသည်။

လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ဥပဒေနှင့် ဆန့်ကျင်သည့် အကြမ်းဖက်မှုများအားလုံးကို ရှုတ်ချသည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားမှုကို ဦးဟန်နရီဗန်ထီးယူက ထပ်မံပြောကြားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက်ကာ အပြစ်မဲ့ပြည်သူများအား မထိခိုက်စေရေးအတွက် ကျင့်ဝတ်များ တိတိကျကျ လိုက်နာရန် ညွှန်ကြားထားသည်ဟု ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေများနှင့် ပတ်သက်ပြီး မြန်မာအစိုးရအနေဖြင့် အလွန်ပင် စိုးရိမ်ပူပန်နေသည်ဟု ဒုသမ္မတက ပြောကြားခဲ့သည်။ ရခိုင်ပြည်နယ်နှင့် ပတ်သက်သည့် စိန်ခေါ်မှုများအား ပြန်လည်တုန့်ပြန်ရန်မှာ အစိုးရအတွက် ပထမဆုံးနှင့် အထင်ရှားဆုံး တာဝန်ဖြစ်သည်ဟုလည်း ၎င်းက ဆက်လက် ပြောကြားသည်။

“ရခိုင်ပြည်နယ်က အခြေအနေတွေက ရှုပ်ထွေးပါတယ်။ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့အခြေအနေက အရေးပါပါတယ်” ဟု ၎င်းကပြောကြားသည်။

လက်ရှိအခြေအနေတွင်မူ လူသားခြင်း စာနာထောက်ထားမှုအကူအညီများ ပေးအပ်ရေးက ဦးစားပေးကိစ္စဖြစ်သည်ဟု ဦးဟန်နရီဗန်ထီးယူက ပြောကြားသည်။

“ခွဲခြားဆက်ဆံမှုမရှိပဲ လိုအပ်နေသူတွေအားလုံး အကူအညီတွေ လက်ခံရရှိအောင် ဆောင်ရွက်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ထားပါတယ်” ဟု ၎င်းကပြောကြားသည်။

မြန်မာအစိုးရအနေဖြင့် ကြက်ခြေနီလှုပ်ရှားမှုဖြင့် ပူးပေါင်းကာ ကူညီထောက်ပံ့မှုများ ဆောင်ရွက်သွားမည်ဖြစ်သလို ကူညီထောက်ပံ့ရေးအစီအစဉ်များအတွက် ကမ်းလှမ်းခဲ့ကြသည့် နိုင်ငံများအားလုံးကိုလည်း ကျေးဇူးတင်ရှိသည်ဟု ဒုသမ္မတက ပြောကြားသွားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar