ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဒေသခံလေးဦး တိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံးသွားပြီးနောက် ထိုဒေသတွင် နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို လုပ်ဆောင်နေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ပြောကြားသည်။
ဒီဇင်ဘာ ၁၇ ရက်နေ့က သီးခြားစီဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှစ်ခုတွင် ပြူးမချောင်းအတွင်း ငါးဖမ်းရန် သွားရောက်သည့် မာရမာကြီးလူမျိုးနှစ်ဦးနှင့် ရခိုင်လူမျိုးနှစ်ဦးတို့ တိုက်ခိုက်ခံရခြင်းဖြစ်ရာ ရခိုင်လူမျိုးနှစ်ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်။ ဖြစ်စဉ်တစ်ခုတွင် “ဘင်္ဂါလီစကားများဖြင့် ပြောဆိုကာ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကြောင့်” ဟု ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲသည့် ပြူးမချောင်းတစ်လျောက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့် နယ်မြေရှင်းလင်းရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေကြသည်ဟုလည်း ဖော်ပြထားသည်။
ပြီးခဲ့သည့်နှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်က ဆောင်ရွက်ခဲ့သည့် နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးများကြောင့် လူပေါင်း ခုနစ်သိန်းကျော်မှာ နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေရှ့်နိုင်ငံဘက်သို့ ထွက်ပြေးသွားခဲ့ကြသည်။
အစိုးရလုံခြုံရေးတပ်စခန်းများကို အာဆာစစ်သွေးကြွများက တိုက်ခိုက်ပြီးနောက် ထိုစစ်ဆင်ရေးများကို တပ်မတော်က ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ စစ်ဆင်ရေးများအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတ်ဖြတ်မီးရှို့မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရပြီး ကုလသမဂ္ဂကလည်း လူမျိုးတုန်းရှင်းလင်းမှုဖြစ်သည်ဟု အမည်တပ်ခဲ့သည်။
သို့သော် မြန်မာအစိုးရနှင့် တပ်မတော်တို့ကမူ ထိုစစ်ဆင်ရေးများသည် အကြမ်းဖက်သမားများကို ရှင်းလင်းရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု တုန့်ပြန်ခဲ့သည်။