ရခိုင်ပြည်နယ်၌ ချင်း စမ်းသပ်စိုက်ပျိုးရန် ပြင်ဆင်နေ

ရခိုင်ပြည်နယ်ရှိ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ချင်း စမ်းသပ်စိုက်ပျိုးရန် ပြည်နယ်အစိုးရနှင့် ဒေသခံ ပုဂ္ဂလိလုပ်ငန်းရှင်များ ပြင်ဆင်နေကြသည်ဟု ကုန်သည်စက်မှု အသင်းချုပ် ((UMFCCI) က ပြောကြားသည်။

“ရခိုင်ဒေသက ချင်းစိုက်ပျိုးဖို့အတွက် ရေခံမြေခံအနေအထား အရမ်းကောင်းတယ်။ အထွက်နှုန်းကောင်းမှာ သေချာတယ်။ ဈေးကွက်အနေနဲ့လည်း အမေရိကန်၊ နယ်သာလန်၊ ဂျာမနီတို့ကို တင်ပို့ဖို့ အခွင့်အလမ်းရှိတယ်။ ဒါပေမယ့် လက်ရှိမှာ ဘင်္ဂလားဒေရှ့်ရဲ့ ဝယ်လိုအားကို လိုက်မှီအောင် မပို့နိုင်သေးဘူး” ဟု မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့သူများအသင်း (MFVP) ၏ အတွင်းရေးမှူး ဦးကျော်သူက ပြောသည်။

ပြည်နယ်အစိုးရ ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ MFVP၊ ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းနှင့် ဒေသခံ အများပိုင်ကုမ္ပဏီများမှ ကိုယ်စားလှယ်များနှင့် ဒေသခံတောင်သူများ၏ ဆွေးနွေး ညှိနှိုင်းမှုများအပေါ် မူတည်ပြီး ချင်းစိုက်ရာသီဖြစ်သည့် လာမည့် မတ်လမှ စတင်ကာ ချင်းစမ်းသပ် စိုက်ပျိုးရန်နှင့် ခိုင်မာသော ဈေးကွက်ရရှိနိုင်ရေးအတွက် စတင်ပေါင်းစပ် ဆောင်ရွက်ခဲ့ကြသည်ဟု ကုန်သည်စက်မှု အသင်းချုပ်က ထုတ်ပြန်သည်။

ကျောက်တော်ဒေသ ဖွံ့ဖြိုးရေး အများပိုင် ကုမ္ပဏီနှင့် ရခိုင်ပြည်နယ် သမဝါယမအသင်းချုပ် လိမိတက်စသည့် အများပိုင်ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် မြို့နယ်လေးမြို့နယ်တွင် ဧကအနည်းငယ်စီ စမ်းသပ်စိုက်ပျိုးရန် စီစဉ်ထားခြင်း ဖြစ်သည်။

ထိုသို့စမ်းသပ် စိုက်ပျိုးရန်အတွက် ကုန်သည်စက်မှု အသင်းချုပ်နှင့် ရခိုင် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းတို့က ချင်းမျိုးတက် ပိဿာ ၁,၀၀၀ စီ ပံ့ပိုးကူညီမည်ဖြစ်ပြီး MFVP က စိုက်ပျိုးရေး နည်းပညာများ ပံ့ပိုးကူညီမည်ဖြစ်သည်။

ချင်းစိုက်တစ်ဧကအတွက် မျိုးအပါအဝင် ထုတ်လုပ်မှုကုန်ကျစရိတ် ကျပ် ၁၀ သိန်းမှ ၁၅ သိန်းခန့်အထိ ကုန်ကျပြီး ပုံမှန်အထွက်နှုန်းအားဖြင့် တစ်ဧကလျှင် ချင်းစိမ်း ပိဿာ ၈,၀၀၀ ထွက်ရှိနိုင်ရာ လက်ရှိပေါက်ဈေးဖြင့် ကျပ်သိန်း ၄၀ မှ ၅၀ အထိ ရရှိနိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ချင်းကို ရှမ်းပြည်တောင်ပိုင်းတွင်သာ အဓိက စိုက်ပျိုးနေပြီး နှစ်စဉ် ဘင်္ဂလားဒေရှ့်သို့ အမေရိကန်ဒေါ်လာ ၃ သန်းဖိုး ခန့်တင်ပို့နေရသည်ဟု ကုန်သည်စက်မှုအသင်းချုပ်က ပြောကြားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.