ရခိုင်ပြည်နယ်၌ ကုလတံဆိပ်ပါ မော်တော်ယာဉ်တိုက်ခိုက်ခံရမှုကြောင့် WHO ဝန်ထမ်းသေဆုံး

အေအက်ဖ်ပီ

ရန်ကုန်

ရခိုင်ပြည်နယ်ရှိ COVID-19 စောင့်ကြည့်ခံရသူများ၏နှာခေါင်းနှင့် အာခေါင်တို့ဖတ်နမူနာများကိုတင်ဆောင်လာသည့် ကုလသမဂ္ဂ(UN) တံဆိပ်ပါ မော်တော်ယာဉ်တစ်စင်းပစ်ခတ်ခံရမှုကြောင့် မြန်မာအစိုးရကျန်းမာရေးဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိပြီး ယာဉ်မောင်းဖြစ်သူ သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက ဧပြီ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
မော်တော်ယာဉ်တိုက်ခိုက်မှုအတွက် တပ်မတော် နှင့်အေအေတို့ တစ်ဖက်နှင့် တစ်ဖက်အပြစ်တင်နေကြသည်။ မင်းပြားမြို့နားရှိ တံတားတစ်စင်းပေါ်၌ ဧပြီ ၂၀ ရက် ညနေပိုင်းတွင် တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တိုက်ခိုက်မှုကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) မှ ယာဉ်မောင်း ကိုပြည့်စုံဝင်း သေဆုံးခဲ့ခြင်းဖြစ်ပြီး ယင်းအတွက် အလွန်အမင်းဝမ်းနည်းမိကြောင်း ကုလသမဂ္ဂကထုတ်ပြန်ခဲ့သည်။ ၎င်းတို့ထံသို့ ဖုန်းခေါ်ဦးမည်ဖြစ်ကြောင်း သားဖြစ်သူကပြောဆိုခဲ့သည်ဟု ကိုပြည့်စုံဝင်း၏ဖခင် ဦးဌေးဝင်းမောင်ကပြောဆိုခဲ့သည်။ ယာဉ်မောင်းနေသောကြောင့် ဖုန်းမခေါ်ရန်လည်း သားဖြစ်သူကပြောဆိုခဲ့ကြောင်း ဦးဌေးဝင်းမောင်ကပြောဆိုခဲ့သည်။ နောက်ဆုံးအကြိမ်ဖုန်းပြောလိုက်ရခြင်းဖြစ်ကြောင်း ဖခင်ဖြစ်သူကပြောဆိုခဲ့သည်။ ကိုပြည့်စုံဝင်းသည် သေဆုံးချိန်တွင် အသက် ၂၈ နှစ်ရှိပြီဖြစ်သည်။
ကမ္ဘာကြီး လုံခြုံမှုရှိအောင် လုပ်ဆောင်နေသူတစ်ဦး အသက်ဆုံးရှုံးရသဖြင့် ဝမ်းနည်းကြေကွဲမိကြောင်း WHO အကြီးအကဲ တဲဒရိုစ် အဓာနွမ် ဂျီဘရီယဲဆပ်စ်ကပြောဆိုခဲ့သည်။
ကျန်းမာရေးဝန်ထမ်း ကိုအောင်မျိုးဦးကိုမူ ရခိုင်ပြည်နယ်မြို့တော် စစ်တွေရှိ ဆေးရုံသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ပြောခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောဆိုခဲ့သည်။
ယမန်နှစ်အစောပိုင်းမှစ၍ တပ်မတော်နှင့် အေအေတို့ကြား တိုက်ပွဲများကြောင့် လူများစွာသေဆုံးဒဏ်ရာရရှိပြီး ထောင်သောင်းပေါင်းများစွာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်။ မြန်မာအစိုးရက အေအေအား အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လိုက်သည့် မကြာသေးမီရက်သတ္တပတ်များစ၍ တင်းမာမှုများပိုမိုပြင်းထန်လာခဲ့သည်။ သတင်းမီဒီယာသမားများသည်လည်း အကြမ်းဖက်မှုဥပဒေများကို ချိုးဖောက်သည်ဟု စွပ်စွဲခံရနိုင်ခြေရှိသဖြင့် အေအေနှင့် ဆက်သွယ်ရန် မဖြစ်နိုင်ဘဲရှိခဲ့သည်။ ရခိုင်ပြည်နယ်ရှိ နေရာတချို့၌ ကူးသန်းသွားလာမှုတင်းကျပ်စွာပိတ်ပင်ထားသဖြင့် မီဒီယာများသတင်းရယူရန် အခက်အခဲရှိနေသည်။
COVID-19 ကူးစက်ပြန့်ပွားနေသဖြင့် အပစ်အခတ်ရပ်စဲပေးရန် တောင်းဆိုမှုများကိုလည်း နှစ်ဖက်စလုံးက လျစ်လျူရှုထားသည်။ အစိုးရက ရခိုင်ပြည်နယ်၌ အင်တာနက်ဖြတ်တောက်ထားသဖြင့် ကျန်းမာရေးဆိုင်ရာသတင်းအချက်အလက်များမျှဝေရေး အကြီးအကျယ်ထိခိုက်နေရကြောင်း ကုလဒုက္ခသည်များဆိုင်ရာဌာနက လွန်ခဲ့သောအပတ်တွင် ပြောဆိုခဲ့သည်။
ယခုတိုက်ခိုက်မှုနှင့်ပတ်သက်၍ လွတ်လပ်ပြီး အမှီအခိုကင်းသော အဖွဲ့အစည်းများက စုံစမ်းစစ်ဆေးပြီး အစိုးရအနေဖြင့်လည်း ယင်းဒေသသို့ လူသားချင်းစာနာထောက်ထားအကူအညီများ ပေးပို့ခွင့်ရရှိရေးအတွက် လုပ်ဆောင်ပေးသင့်ကြောင်း လှုပ်ရှားမှုအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Fortify Rights က ဧပြီ ၂၁ ရက်တွင် တောင်းဆိုခဲ့သည်။

သက်အေး ဘာသာပြန်သည်။

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.