ရခိုင်ပြည်နယ်၊ ပေါက်တော၌ အရပ်သားတစ်ဦး သေနတ်ထိမှန် သေဆုံးမှုအပေါ် နှစ်ဖက် ပြောဆိုချက်များ ကွဲလွဲနေ

ရန်ကုန်၊ ဧပြီ ၆

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ နတ်ရှင်ကျေးရွာတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ သေနတ်ထိမှန်မှုကြောင့် လူငယ်တစ်ဦး သေဆုံးခံရမှုနှင့် ပတ်သက်ပြီး နှစ်ဖက် ပြောဆိုချက်များ ကွဲလွဲနေကာ ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်းစစ်ဆေးလျက်ရှိသည်။

ယခုလ ၃ ရက်နေ့ညက အဆိုပါ ကျေးရွာတွင် အသက် ၂၉ နှစ်ရှိ မောင်ဖြူဒေါင်းဆိုသူ သေနတ်ထိမှန် သေဆုံးခဲ့ရခြင်းဖြစ်သည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ပေါက်တောရဲစခန်း၊ ကျေးရွာ အုပ်ချူပ်ရေးမှူးနှင့် ဒေသခံ မျက်မြင်သက်သေများ၏ ပြောဆိုချက်များ ကွဲလွဲနေခြင်းဖြစ်သည်။

“ကျွန်မတို့ အိမ်နောက်ဖေးက ပင်းတူပင်အောက်မှာ သူတို့တစ်စု ထိုင်နေကြတုန်း ရဲတွေနဲ့ အုပ်ချူပ်ရေးမှူးက သူတို့ဆီ ရောက်လာပြီး ဖမ်းဖို့လုပ်တယ်။ ကျွန်မမြင်တာ ဦးမောင်သန်းကို လက်ထိပ်ခတ်လိုက်ကြတယ်။ သေနတ်နဲ့ အပစ်ခံရမယ့် ကောင်လေးက ရဲနဲ့ အုပ်ချူပ်ရေးမှူးကို ပြောနေတယ်။ သူ့ယောက်ဖကို မဖမ်းပါနဲ့၊ မနက်မိုးလင်းရင် လာဖြေရှင်းပေးမယ်လို့ ပြောပြီးတော့။ အဲဒီအချိန်မှာ အုပ်ချူပ်ရေးမှူးပြောတာက ဘယ်သူ့မှ ဂရုစိုက်မနေနဲ့ ဖမ်းသာဖမ်း၊ ပစ်သာပစ်လို့ အော်ပြောတာ ကြားလိုက်တယ်”ဟု ၎င်း၏ ခြံထဲတွင် ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်အား တွေ့မြင်လိုက်ရသည်ဆိုသည့် နတ်ရှင်ရွာမှ ဒေါ်စိုးသန်းချေက Frontier ကို တယ်လီဖုန်းမှတစ်ဆင့် ဖြေကြားသည်။

သို့ရာတွင် ပေါက်တောမြို့နယ်၊ ရဲတပ်ဖွဲ့မှူးရုံးမှ နယ်ထိန်းရဲအုပ် ဦးသန်းဌေးကမူ မောင်ဖြူဒေါင်းက ရဲတပ်ဖွဲ့ဝင်ထံမှ သေနတ်အား လုယူစဉ် သေနတ်ကျည်ထွက်ကာ ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားသည်။

“၃ ရက်၊ ၄ လပိုင်း ၂၀၁၇၊ ည ၁၀ နာရီ မိနစ် ၂၀ လောက်မှာ ကျောက်စုရဲကင်းက ရဲတပ်ဖွဲ့ဝင် သုံးဦးနဲ့ ကျောက်စုကျေးရွာအုပ်စု၊ အုပ်ချူပ်ရေးမှူး ဦးသန်းမောင်ပါအဖွဲ့တို့ဟာ နတ်ရှင်ကျေးရွာအတွင်းကို ရဲကင်း လှည့်ကြတယ်။ အဲဒီလို ရဲကင်းလှည့်တဲ့အချိန်မှာ ဦးမောင်သန်းဆိုတဲ့သူက သောက်စားမူးယစ်ရမ်းကားနေလို့ ထိန်းသိမ်း ခေါ်ဆောင်လာခဲ့ပါတယ်။ ထိန်းသိမ်းခေါ်ဆောင်လာတဲ့အချိန်မှာ လမ်းမှာတင်ပဲ နောက်ကနေ ဦးမောင်သန်းရဲ့ ယောက်ဖ၊ မောင်ဖြူဒေါင်းက လိုက်လာပြီးတော့ နောက်ဆုံးမှာကျန်နေတဲ့ ရဲတပ်ဖွဲ့ဝင်ထွန်းလင်းနဲ့ သူနဲ့ ကတောက်ကဆဖြစ်ကြတယ်။ ဖြစ်တော့ မောင်ဖြူဒေါင်းက သေနတ်ကို လိုက်ဆွဲလုယူတော့ အဲ့ဒီမှာ မျက်နှာချင်းဆိုင် အပြန်အလှန်ဆွဲကြ၊ မောင်းခလုတ်ကို လက်ဖိမိလို့ ကျည်တွေက တောက်လျှောက် ထွက်သွားပြီး မောင်ဖြူဒေါင်းရဲ့ဗိုက်ကို ထိမှန်သွားတာ ဖြစ်တယ်”ဟု ၎င်းက Frontier ကို ပြောကြားသည်သည်။

အဆိုပါဖြစ်ရပ်နှင့် ပတ်သက်ပြီး နတ်ရှင်နယ်မြေရှိ ရဲကင်းမှူး တပ်ကြပ်ကြီးဇော်ဝင်း၏ သတင်းပို့ပေးချက်အရ သိရှိရမှုများကို ပြောကြားခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ရဲအရာရှိနှစ်၊ အခြားအဆင့်ခုနစ်ဦးနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးသော အဖွဲ့က အခင်းဖြစ်ပွားရာနေရာသို့ စုံစမ်းစစ်ဆေးရန် သွားရောက်နေကြောင်းလည်း ၎င်းက ပြောကြားသည်။

အခင်ဖြစ်ပွားသည့်နေရာတွင် ရှိနေခဲ့သူ နတ်ရှင်ရွာ အုပ်ချုပ်ရေးမှူး ဦးသန်းမောင်ကလည်း သေနတ်အား လုနေစဉ် ကျည်ထွက်ကာ ထိမှန်သွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ဦးမောင်သန်းက ကျွန်တော့်ကို ဆဲဆိုတာ၊ ရွာမှာ မူးယစ်တာတွေရှိတော့ ကျောက်စုရဲကင်းက ရဲကင်းမှူးကို သွားတိုင်ပြီး ထိန်းသိမ်းပေးဖို့ ကျွန်တော် တိုင်ထားတာပါ။ ရဲကင်းက ရဲသားသုံးယောက်ထည့်ပေးလိုက်ပြီး ဦးမောင်သန်းကို သွားခေါ်ခိုင်းလို့ သွားခေါ်တာ။ သူ့ကိုတွေ့တော့ ရဲသားတွေက သူ့ကို လက်ထိပ်ခတ်ထားတယ်။ ဦးမောင်သန်းနဲ့ ကျွန်တော်နဲ့က သူ့ကိုတွေ့တဲ့ အိမ်ခြံအပြင်ဖက်ကို ရောက်သွားတဲ့အချိန်မှာ မောင်ဖြူဒေါင်းနဲ့ တခြားသုံးယောက်လောက်က နောက်ကကျန်ခဲ့တဲ့ ရဲသားတွေကို ဝိုင်းထားကြတယ်။ ရဲသားထွန်းလင်းက သူတို့ဆီက အတင်းတိုးထွက်တော့ မောင်ဖြူဒေါင်းက သေနတ်ကို ဝင်လုတယ်။ သေနတ်က မောင်းတင်ပြီးသားဆိုတော့ အပြန်အလှန် လုနေကြတုန်း ဘယ်သူနဲ့ တိုက်မိမှန်းမသိဘူး။ ကျည်ဆန်က ထွက်သွားတာပဲ”ဟု ၎င်းကပြောသည်။

သို့သော် ဒေါ်စိုးသန်းချေကမူ မောင်ဖြူဒေါင်းက ရဲတပ်သားထံမှ သေနတ်လုယူခဲ့သည်ဟူသည့် ပြောကြားချက်ကို ငြင်းဆိုသည်။

“မလုပါဘူး။ မောင်ဖြူဒေါင်းက သေနတ်ကို မလုဘူး။ သူနဲ့ဖြစ်တဲ့ ပြဿနာလည်း မဟုတ်ဘူး။ သူ့ယောက်ဖနဲ့ဖြစ်တဲ့ ပြဿနာလေ၊ ဒီကိစ္စက”ဟု ၎င်းကပြောသည်။

သေနတ်ထိမှန်သည့် ဒဏ်ရာကြောင့် မောင်ဖြူဒေါင်းမှာ ဗိုက်မှ အူများ ထွက်ကျလာသည့်အတွက် ပေါက်တောမြို့နယ်ဆေးရုံကို ပေးပို့ခဲ့ရကြောင်း၊ ဆေးရုံသို့ ည ၁၂ နာရီခန့်တွင် ရောက်ရှိကာ အရေးပေါ် ဆေးကုသမှု ပေးခဲ့သော်လည်း သွေးထွက်လွန်ကာ နောက်နေ့ နံနက် ၃ နာရီခန့်တွင် သေဆုံးသွားခဲ့ရသည်။

အထက်မှ ညွှန်ကြားချက်အရ မောင်ဖြူဒေါင်းသေဆုံးမှုကို သေမှုသေခင်းဖြင့် အမှုဖွင့်ထားပြီး တမင်ရည်ရွယ်ပြီး ပစ်ခဲ့ဲခြင်း ဟုတ်မဟုတ်နှင့် မောင်ဖြူဒေါင်းက သေနတ်ကို လာလုသည့်အတွက် မတော်တဆ ကျည်ထွက်သွားခြင်း ဟုတ်မဟုတ်ဆိုသည်ကို ဆက်လက်စုံစမ်းသွားမည်ဖြစ်သည်။

“ကျွန်တော့်ယောက်ဖက အပြစ်မရှိဘဲ သေဆုံးသွားတဲ့အတွက် သေနတ်နဲ့ပစ်ခိုင်းတဲ့ အုပ်ချူပ်ရေးမှူးနဲ့ ပစ်တဲ့ရဲသားကို အရေးယူပေးစေချင်တယ်”ဟု သေဆုံးသွားသူ မောင်ဖြူဒေါင်း၏ ယောက်ဖဖြစ်သူ ဦးမောင်သန်းက ပြောသည်။

သတင်း-ထူးထက်နိုင်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar