ရခိုင်ပြည်နယ်အရေး ဝိုင်းဝန်းအဖြေထုတ်ကြရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ရန်ကုန်၊ စက်တင်ဘာ ၅

ရခိုင်ပြည်နယ်အရေးသည် အလွန်အရေးကြီးသည့်အတွက် မိမိတို့အားလုံး ဝိုင်းဝန်းပြီး အဖြေထုတ်ရမည် ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောကြားလိုက်သည်။

ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၌ ယနေ့ ကျင်းပသည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဖွင့်ပွဲအခမ်းအနားတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်အရေးကိစ္စသည် မိမိတို့အားလုံးအတွက် အရေးအကြီးဆုံး ကိစ္စရပ်တစ်ခု ဖြစ်နေကြောင်းနှင့် နိုင်ငံတော် တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း မစ္စတာကိုဖီအာနန် အပါအဝင် အားလုံးသော အဖွဲ့ဝင်များက အဖြေထုတ်သည့် နေရာတွင် နည်းလမ်းများ ရှာဖွေပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်၏ ရှုပ်ထွေးနက်နဲသည့် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာ တွင် ရေရှည်နည်းလမ်းကောင်းများ ရှာဖွေနိုင်ရန် ရည်ရွယ်၍ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်တစ်ရပ်အား နိုင်ငံတော်၏ အတိုင်ပင်ခံဝန်ကြီးဌာနရုံးက သြဂုတ် ၂၄ ရက်နေ့တွင် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ကော်မရှင်ကို ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်းနှင့် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် မစ္စတာကိုဖီအာနန်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်မည်ဖြစ်ကာ ၎င်းအပါအဝင် မြန်မာနိုင်ငံသားပုဂ္ဂိုလ်ခြောက်ဦးနှင့် နိုင်ငံတကာမှ ပုဂ္ဂိုလ်သုံးဦး၊ စုစုပေါင်း အဖွဲ့ဝင်ကိုးဦးပါဝင်သည်။

မစ္စတာကိုဖီအာနန်က မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကာလတွင် မိမိအနေဖြင့် ယခုကဲ့သို့ ပါဝင်ခွင့်ရသည်ကို ဝမ်းမြောက်ပါကြောင်းနှင့် အနာဂတ် မြန်မာနိုင်ငံ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိမည့် အကြံပြုချက်များကိုလည်း ပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ယနေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။

ကော်မရှင်သည် ၎င်းတို့၏ အကြံပြုချက်များကို ကော်မရှင်ဖွဲ့စည်းပြီးနောက် ၁၂ လထက် နောက်မကျစေပဲ မြန်မာအစိုးရထံ တင်ပြရမည်ဖြစ်သည်။

မစ္စတာ ကိုဖီအာနန်သည် မြန်မာနိုင်ငံသို့ စက်တင်ဘာ ၃ ရက်နေ့က ရောက်ရှိလာခဲ့ခြင်းဖြစ်ကာ ရခိုင်ပြည်နယ်သို့ စက်တင်ဘာ ၆ ရက်နေ့တွင် သွားရောက်မည်ဖြစ်သည်။

သို့သော် အဆိုပါ ကော်မရှင်ဖွဲ့စည်းမှုကို ကန့်ကွက်မှုများလည်း ရှိနေပြီး မစ္စတာကိုဖီအာနန် ရခိုင်ပြည်နယ်သို့ ရောက်ရှိချိန်တွင် ဆန္ဒပြရန် စီစဉ်ထားမှုများလည်း ရှိနေသည်။

“ရခိုင်ကိစ္စဟာ ပြည်တွင်းရေးသာ ဖြစ်ပါတယ်။ ကိုဖီအာနန်နဲ့ သူ့ရဲ့ဂုဏ်သတင်းကို ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြည်တွင်းရေးကို ဝင်စွက်ဖက်တာကိုတော့ လက်မခံနိုင်ပါဘူး” ဟု ဆန္ဒပြမည့်အဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအောင်ဌေးက အေအက်ဖ်ပီကို စက်တင်ဘာ ၅ ရက်နေ့က ပြောကြားသည်။

“မနက်ဖြန် စစ်တွေလေဆိပ်မှာ ကျွန်တော်တို့ ဆန္ဒပြမှာ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးအရ ကိုဖီအာနန်ကို ကျွန်တော်တို့ လေးစားပါတယ်။ ဒါပေမယ့် ရခိုင်သမိုင်းကြောင်း သူသိတယ်လို့ ကျွန်တော်တို့ မထင်ပါဘူး” ဟု ၎င်းကပြောသည်။

ကိုဖီအာနန်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရိုဟင်ဂျာစခန်းများသို့ သွားရောက်ဖွယ်ရှိနေပြီး ရခိုင်အသိုင်းအဝိုင်းနှင့် အစိုးရတာဝန်ရှိသူများနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။

သို့သော်လည်း ပြည်နယ်၏ အကြီးဆုံး နိုင်ငံရေးပါတီဖြစ်သည့် ရခိုင်အမျိုးသားပါတီကလည်းကိုဖီအာနန်နှင့် တွေ့ဆုံရန် ငြင်းဆိုထားသည်။

ကော်မရှင်အား ပြည်တွင်း တတ်သိပညာရှင်များဖြင့် ပြန်လည်ဖွဲ့စည်းရန် ပြည်သူ့လွှတ်တော်တွင် သြဂုတ်လ ၃၀ ရက်နေ့၌ ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ်တစ်ဦးက အရေးကြီးအဆို တင်သွင်းရာ ကန့်ကွက်သူမရှိ၍ ဆွေးနွေးရန် သဘောတူထားကြသည်။ ရခိုင်ပြည်နယ်လွှတ်တော်တွင်လည်း ဤကိစ္စနှင့် ပတ်သက်၍ အရေးပေါ် အစည်းအဝေးကို စက်တင်ဘာ ၁၂ ရက်နေ့တွင် စတင်ပြုလုပ်သွားမည် ဖြစ်သည်။

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အဆင်းရဲဆုံး ဒေသတွေများထဲမှ တစ်ခုဖြစ်ကာ ၂၀၁၂ ခုနှစ်တွင် ပဋ္ဋိပက္ခများ စတင်ဖြစ်ပေါ်ပြီးကတည်းက တင်းမာမှုများ ပေါ်ပေါက်နေသည်။ ပဋ္ဋိပက္ခများကြောင့် လူရာနှင့်ချီ သေဆုံးခဲ့သလို မူဆလင်အများစု ပါဝင်ပြီး ရိုဟင်ဂျာဟု ၎င်းတို့ကိုယ်၎င်းတို့ ခေါ်ဝေါ်ကြသူ အများစု ပါဝင်သည့် လူ ၁၂၀,၀၀၀ ခန့်သည် ဒုက္ခသည် စခန်းများတွင် နေထိုင်နေကြရဆဲဖြစ်သည်။

ရိုဟင်ဂျာများကို မြန်မာနိုင်ငံ၏ တိုင်းရင်းသားအဖြစ် နိုင်ငံသား ဖြစ်ခွင့်ပေးကာ နိုင်ငံတွင်း လွတ်လွတ်လပ်လပ် နေထိုင်သွားလာခွင့်ပေးရန် နိုင်ငံတကာက ဖိအားပေးမှုများလည်း ရှိနေသည်။

သို့သော် ရိုဟင်ဂျာဟု ခေါ်ဆိုရန် ရခိုင်များအပါအဝင် မြန်မာနိုင်ငံသား အများစုက လက်ခံခြင်းမရှိပဲ ဘင်္ဂါလီဟုသာ ခေါ်ဆိုလိုကြသည်။

လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရက အငြင်းပွားဖွယ်ဖြစ်သည့် ထိုအမည်ကို ရှောင်ကွင်းသည့်အနေဖြင့် ရိုဟင်ဂျာနှင့် ဘင်္ဂါလီ အသုံးအနှုန်းအစား ‘ရခိုင်ပြည်နယ်မှ မူဆလင် အသိုင်းအဝိုင်း’ ဟု လွန်ခဲ့သည့် ဇွန်လက စတင်သုံးစွဲခဲ့သော်လည်း ရခိုင်ပြည်နယ်တစ်ဝှမ်းက ဆန္ဒပြမှုများစွာဖြင့် တုန့်ပြန်ခဲ့ကြသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar