ရခိုင်ပြည်နယ်အတွင်း တပ်ပိုင်းဆိုင်ရာကိစ္စများအပေါ် စုံစမ်းစစ်ဆေးနေ

နေပြည်တော်၊ အောက်တိုဘာ ၁၃

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွေကို တုံ့ပြန်ရာမှာ မလျော်ကန်တဲ့ အင်အားသုံးစွဲခဲ့တယ်လို့ ဥရောပသမဂ္ဂက စွပ်စွဲချက်ထွက်ပေါ်ပြီး နောက်တစ်ရက်မှာဘဲ တပ်ပိုင်းဆိုင်ရာ ဆောင်ရွက်မှုတွေအပေါ် အဖွဲ့ဖွဲ့ပြီး စုံစမ်း စစ်ဆေးနေတယ်လို့ မြန်မာ့တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေမှာ ၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်က တပ်ရင်းဌာနချုပ် ၁ ခုနဲ့ ရဲကင်းစခန်း ၃၀ ကို ARSA အဖွဲ့က တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ပြီးနောက်ပိုင်း စစ်ဆင်ရေးတွေ လုပ်ဆောင်ရာမှာ ပေးအပ်တဲ့ တာဝန်ဝတ္တရားတွေအတိုင်း ဆောင်ရွက်မှုရှိမရှိကို တပ်မတော် စစ်ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းဦးဆောင်တဲ့ အဖွဲ့က စစ်ဆေးနေတယ်လို့ အောက်တိုဘာ ၁၃ ရက်နေ့၊ နံနက်ပိုင်းက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ကြေညာထားပါတယ်။

စက်တင်ဘာ ၅ ရက်နေ့အထိပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးတွေကို အစိုးရရဲ့ တာဝန်ပေးချက်အရ အခြေခံဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တာလို့ သတင်းထုတ်ပြန်ချက်မှာ တပ်မတော်ဖက်က ပြောကြားထားပါတယ်။ ဒါပေမယ့် အဖွဲ့ရဲ့ လုပ်ငန်းဆောင်တာတွေ၊ ဒီလိုစုံစမ်းစစ်ဆေးတာဟာ ဥရောပသမဂ္ဂနဲ့ ကုလသမဂ္ဂရဲ့ ပြစ်တင်တွေမှုကို တုံ့ပြန် သက်သေပြဖို့ ကြိုးပမ်းချက် ဟုတ်မဟုတ်ကို တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ တာဝန်ရှိသူတွေထံ Frontier က မေးမြန်းဖို့ ကြိုးစားနေပေမယ့် မအောင်မြင်သေးပါဘူး။

ယမန်နေ့က ထွက်ပေါ်လာတဲ့ AFP ရဲ့ သတင်းတစ်ခုမှတော့ တပ်မတော်ရဲ့ စစ်ဆင်ရေးတွေကြောင့် ရခိုင် ပြည်နယ်အတွင်းကနေ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးသွားကြရတဲ့ လူငါးသိန်းကျော်ရှိပြီး ဒီဒုက္ခသည်တွေနဲ့ ပတ်သက်တဲ့ အခြေအနေတွေ တိုးတက်မှုရှိမလာဘူးဆိုရင် ဥရောပသမဂ္ဂအနေနဲ့ မြန်မာ့တပ်မတော်အပေါ် အရေးယူဖို့ စဉ်းစားသွားမယ်လို့ ဖော်ပြထားပါတယ်။

ဒီလုပ်ရပ်တွေဟာ တမင်ရည်ရွယ်တဲ့ မောင်းထုတ်မှုဖြစ်တယ်လို့ ဥရောပသမဂ္ဂ သံအမတ်တွေက အတည်ပြုထားပြီး အဖွဲ့ဝင်နိုင်ငံခြားရေးဝန်ကြီးတွေက သဘောတူညီချက်တစ်ရပ်ကို တနင်္လာနေ့မှာ လက်မှတ်ရေးထိုးဖို့ရှိတယ်လို့လည်း AFP သတင်းမှာ ဖော်ပြထားပါတယ်။

အဲဒီသဘောတူညီချက်မှာ မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ အဆင့်မြင့်အရာရှိတွေအပေါ် ဖိတ်ခေါ်မှုတွေကို ဥရောပသမဂ္ဂက ဆိုင်းငံ့ထားမှာဖြစ်ပြီး ကာကွယ်ရးဆိုင်ရာ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း ပြန်လည်သုံးသပ်မယ့်အကြောင်းတွေ ပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာ အတိုက်အခံအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အာဏာရလာတဲ့ ၂၀၁၅ ခုနှစ်နောက်ပိုင်း ယခင်က ထားရှိခဲ့တဲ့ အရေးယူပိတ်ဆို့မှု အများအပြားကို ဥရောပသမဂ္ဂဖက်က ဖယ်ရှားပေးခဲ့ပေမယ်လို့ အခုအချိန်မှာတော့ လူစုလူဝေးနှိမ်နှင်းရေးဆိုင်ရာ လက်နက်၊ ကိရိယာတွေ တင်ပို့မှုကို ပြန်လည်ကန့်သတ်လိုက်ပြီး အခြေအနေတွေ တိုးတက်မှုမရှိရင် ထပ်မံဆောင်ရွက်သင့်တာတွေကို စဉ်းစားမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar