ရခိုင်ပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်နှင့် စွမ်းဆောင်ရန် တည်ဆောက်ရန်အတွက် အိန္ဒိယအစိုးရက လယ်ယာသုံးစက်များနှင့် ကွန်ပျူတာများ ပေးအပ်သွားမည်ဟု ကြေညာသည်။
ရခိုင်ပြည်နယ်ရှိ တောင်သူလယ်သမားများသမဂ္ဂ၏ အဓိကလိုအပ်ချက်အဖြစ် ဖော်ပြသော လယ်ထွန်စက် ၁၅ စီးနှင့် သီးနှံ အမြန်ရိတ်သိမ်းယာဉ် ၁၅ စီးတို့အပြင် စစ်တွေ ကွန်ပြူ တာတက္ကသိုလ်သို့ ကွန်ပျူတာအလုံး ၄၀ နှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်သွားမည်ဟု ရန်ကုန်မြို့ အိန္ဒိယသံရုံးက ယနေ့ သတင်းထုတ်ပြန်သည်။
“ဤကဲ့သို့ အကူအညီများပေးအပ်ခြင်း၏ ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ်တွင် စက်မှုလယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရန်နှင့် ဆော့ဖ်ဝဲကဏ္ဍတွင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်စေရန် ရခိုင်ပြည်နယ်ရှိ လူငယ်များအား ကွန်ပျူတာနည်းပညာ တတ်မြောက်မှု မြှင့်တင်ပေးရန်တို့ ဖြစ်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အိန္ဒိယအစိုးရသည် မြန်မာအစိုးရနှင့် မိတ်ဖက်ဆက်ဆံရေးအရ ဖွံ့ဖြိုးရေးအကူအညီများ ထက်သန်စွာ ပေးအပ်ရန် သန္နိဌာန်ချမှတ်ထားသည်ဟု ဆိုသည်။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ ငါးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၂၅ သန်း ကူညီထောက်ပံ့ပေးရန် နှစ်နိုင်ငံသီးခြားသဘောတူညီထားသည်။
ထိုဖွံ့ဖြိုးရေးအကူအညီအရ ရခိုင်ပြည်နယ်တွင် စီမံကိန်းများဆောင်ရွက်ရန် ရည်ရွယ်ထားရာ ရှေ့ပြေးစီမံကိန်းအဖြစ် အသင့်နေထိုင်နိုင်သော အိမ်အလုံး ၂၅၀ ကို ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဘာသာအသီးသီးမှ နေရပ်စွန့်ခွာခဲ့ကြရသော သူများအတွက် ပထမဆုံးတည်ဆောက်ပေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။