မူဆလင်လူနည်းစုများအပေါ် စစ်တပ်က ရက်စက်စွာ နှိပ်ကွပ်မှုများရှိနေသည်ဟု စွပ်စွဲခံထားရသည့် ရခိုင်ပြည်နယ်သို့ သွားရောက်ရန် မြန်မာနိုင်ငံ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကုလသမဂ္ဂက တိုက်တွန်းလိုက်သည်။
စစ်တပ်၏ ဆောင်ရွက်နေမှုများကို တားဆီးမှုမရှိသည့်အတွက် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်ဖြစ်သူ ၎င်းမှာ နိုင်ငံတကာ၏ ပြစ်တင်ဝေဖန်ခြင်း ခံနေရသည်။ စစ်တပ်၏ နယ်မြေရှင်းလင်းရေး လုပ်ငန်းများကြောင့် ရိုဟင်ဂျာ ၂၀,၀၀၀ ခန့်မှာ အိမ်နီးချင်း ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ကြပြီး အစုအလိုက် အပြုံလိုက် အဓမ္မပြုကျင့်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် မီးရှို့ခြင်းများဖြစ်ပေါ်ခဲ့သည်ဟု ဇာတ်လမ်းများလည်း ပေါ်ထွက်ခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာလက ရဲစခန်းများ တိုက်ခိုက်ခံခဲ့ရမှုကို တုံ့ပြန်သည့်အနေဖြင့် အဆိုပါ စစ်ဆင်ရေးများကို ဆောင်ရွက်နေခြင်းဖြစ်သည်။
မြန်မာ့တပ်မတော်က လူမျိုးသုဉ်းသတ်ဖြတ်မှုများ ကျူးလွန်နေသည်ဟု မလေးရှားက စွပ်စွဲခဲ့ပြီး မြန်မာတာဝန်ရှိသူများကလည်း ငြင်းဆိုထားသည်။
အခြေအနေအား ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပြီး နိုင်ငံတကာ အသိုက်အဝိုင်းအနေဖြင့် မကျေနပ်ချက်များ ကြီးမားလာအောင် မီးလောင်ရာ လေပင့်နေမှုများကို ရပ်တန့်ကြရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကြားဝင်ဆောင်ရွက်ရန် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးဖြစ်သူ ဗီဂျေနမ်ဗီးယားက ဒီဇင်ဘာ ၈ ရက်နေ့တွင် နယူးယောက်၌ ထုတ်ပြန်သည့် ကြေညာချက်တွင် တိုက်ရိုက်တောင်းဆိုလိုက်သည်။
“ဒေသခံလူထုအတွက် လုံခြုံရေးဆောင်ရွက်ပေးဖို့ ကြိုတင် တုံ့ပြန်ဆောင်ရွက်ရမယ့်အစား ကာကွယ်ပြောကြားနေတာတွေက ပြည်တွင်းမှာရော နိုင်ငံတကာကိုပါ စိတ်ပျက်မှုတွေ ဖြစ်ပေါ်စေပါတယ်” ဟု ၎င်းကပြောကြားထားသည်။
“ဘူးသီးတောင်နဲ့ မောင်တောကို သွားရောက်ပြီး အဲဒီမှာရှိတဲ့ အရပ်သားတွေကို သံသယတွေ ပျေုာက်ကွက်သွားအောင် ကာကွယ်မှုတွေဆောင်ရွက်ဖို့ ဒေါ်စုကို ကျွန်တော် မေတ္တာရပ်ခံလိုပါတယ်” ဟု ၎င်းက ပြောကြားသည်။
ပြီးခဲ့သည့်နှစ်က ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ပါတီ အနိုင်ရရှိပြီးနောက် အာဏာရရှိလာသည့် အစိုးရအတွက် ရခိုင်ပြည်နယ်အရေးက အကြီးမားဆုံးသော စိန်ခေါ်မှုဖြစ်နေသည်။
သတင်း-အေအက်ဖ်ပီ