ရန်ကုန်၊ မတ် ၁၇
ရခိုင်ပြည်နယ်ရှိ IDP စခန်းများ ပိတ်နိုင်ရေးအတွက် မဟာဗျူဟာ ချမှတ်ဆောင်ရွက်ရန်အပါအဝင် ရခိုင်ပြည်နယ်၏ လတ်တလောအခြေအနေများကို ဖြေရှင်းနိုင်မည့် အကြံပြုချက်များကို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က မတ် ၁၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ခေါင်းဆောင်သည့် အဆိုပါကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာတွင် နိုင်ငံသားဖြစ်မှုနှင့် လွတ်လပ်စွာသွားလာခွင့်၊ ယဉ်ကျေးမှုဆိုင်ရာကိစ္စများ၊ လူအဖွဲ့အစည်းများအကြား တွေ့ဆုံဆွေးနွေးမှုအပါအဝင် ကြားဖြတ်အကြံပြုချက် ၁၂ ချက်ကို ဖော်ပြထားသည်။
၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် ပဋ္ဋိပက္ခများကြောင့် မူဆလင် ၁၂၀,၀၀၀ ကျော်သည် ပြည်နယ်တွင်းရှိ နေရပ်စွန့်ခွာထွက်ပြေးသူများ (IDPs) များသည် ယာယီစခန်းများတွင် နေထိုင်နေကြရသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
၎င်းတို့ မူလနေရာများတွင် ပြန်လည်နေထိုင်နိုင်ရေးနှင့် နေရာသစ်များတွင် နေရာချထားပေးရေးတို့အတွက် ဆောင်ရွက်မှုများတွင် တိုးတက်မှု မရှိသည်ကို တွေ့ရသဖြင့် အစိုးရအနေဖြင့် စခန်းများ ပိတ်နိုင်ရေးအတွက် မဟာဗျူဟာတစ်ရပ်ကို သက်ဆိုင်ရာ လူ့အဖွဲ့အစည်းများနှင့် ညှိနှိုင်းတိုင်ပင် ချမှတ်သင့်သည်ဟု ဖော်ပြထားသည်။
ရခိုင်ပြည်နယ်အတွင်းရှိ အထူးသဖြင့် စခန်းသုံးခုတွင် နေရပ်စွန့်ခွာ နေထိုင်နေကြသော ကမန်တိုင်းရင်းသား အိမ်ထောင်စု ၅၅ စု၊ မူဆလင်အိမ်ထောင်စု ၂၁၅ စုနှင့် ရခိုင်အိမ်ထောင်စု ၆၅ စုမှာ နေရပ်ကိုပြန်ရန် အဆင်သင့် ဖြစ်နေသော်လည်း လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးခြင်းကြောင့် အစိုးရအနေဖြင့် လိုအပ်သော စီမံမှုဖြင့် ပတ်ဝန်းကျင်လုံခြုံမှုကို ဖန်းတီးပေးရန် လိုအပ်ကြောင်း အကြံပေးကော်မရှင်၏ နိုင်ငံတကာအဖွဲ့ဝင်တစ်ဦးဖြစ်သူ မစ္စတာ ဂါဆန်ဆလမီက မတ် ၁၆ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
“အဲဒါကတော့ IDP စခန်း သုံးခုတည်း မဟုတ်ပါဘူး။ နေရပ်စွန့်ခွာ နေထိုင်နေကြတဲ့ IDP စခန်းတွေအကုန်လုံး တစ်နေ့ကျရင် ပိတ်သိမ်းရမှာဖြစ်ပြီးတော့ သူတို့ အရင်နေထိုင်ခဲ့တဲ့ နေရာတွေကို သွားနေထိုင်ခွင့် ရစေရမှာ ဖြစ်ပါတယ်” ဟု ကိုဖီအာနန်တက်ရောက်ခဲ့ခြင်းမရှိသည့် ထိုသတင်းစာရှင်းလင်းပွဲတွင် ၎င်းကပြောကြားသည်။
ရခိုင်ပြည်နယ်၏ လက်ရှိအခြေအနေများကို ဆန်းစစ်လေ့လာခြင်းနှင့် အကြမ်းဖက်မှုများ၊ အိုးမဲ့အိမ်မဲ့ဖြစ်ကာ နေရပ်စွန့်ခွာရမှုများနှင့် ဖွံ့ဖြိုးမှုနိမ့်ကျခြင်းများကို ဖြစ်ပေါ်လာစေသော အခြေခံအကြောင်းရင်းများကို ရှာဖွေတင်ပြရန်အတွက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်ဖြင့် စက်တင်ဘာ ၅ ရက်နေ့က ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါကော်မရှင်အား ကိုဖီအာနန်ဦးဆောင်ကာ နိုင်ငံတကာအဖွဲ့ဝင်သုံးဦး၊ နိုင်ငံသားအဖွဲ့ဝင် ခြောက်ဦး၊ စုစုပေါင်း ကိုးဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
လက်ရှိထုတ်ပြန်လိုက်သည့် ကြားဖြတ်အစီရင်ခံစာပါ အကြံပြုချက်များသည် ရခိုင်ပြည်နယ်၏ လတ်တလော အခြေအနေများကို ဖြေရှင်းနိုင်ရန် အဓိကထားသည်ဟု မစ္စတာဂါလန်ဆလမီက ပြောကြားသည်။
သတင်းစာရှင်းလင်းပွဲသို့ ကြိုတင်ရိုက်ကူးထားသည့် ဗီဒီယိုသတင်းစကား ပေးပို့လိုက်သည့် မစ္စတာကိုဖီအာနန်က ရခိုင်ပြည်နယ်၏ အခြေအနေများသည် ရှုပ်ထွေးနေသည်ဟု ပြောကြားသည်။
“ရခိုင်ပြည်နယ်၏ စိန်ခေါ်ချက်များသည် ကျွန်တော်အနေဖြင့် ပြောရမယ်ဆိုရင် ရှုပ်ထွေးတယ်။ ရေရှည်တည်တံ့ခံမယ့် ဖြေရှင်းချက်ကောင်းကောင်း လိုတယ်။ ဆုံးဖြတ်ချက် ခိုင်မာဖို့လိုပြီး၊ သည်းခံခြင်းနဲ့ ယုံကြည်မှုတို့ လိုအပ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။
အစီရင်ခံစာတွင် တိုက်တွန်းထားချက်များဖြစ်ကာ လတ်တလော အကောင်အထည်ဖော်နိုင်မည့် လူသားချင်း စာနာထောက်ထားမှု၊ ရခိုင်ပြည်နယ်အတွင်းရှိ ထိခိုက်ခဲ့သည့် နေရာများသို့ သတင်းထောက်များကို သွားရောက် သတင်းယူနိုင်ရေးတို့အပြင် အောက်တိုဘာ ၉ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်ကာ လွတ်လပ်ပြီး စိတ်အားထက်သန်သော ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများကို စုံစမ်းစစ်ဆေးရန် ခွင့်ပြုသင့်ကြောင်း ၎င်းကပြောသည်။
“ပဋိပက္ခနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူများကို ထည့်သွင်းစဉ်းစားဖို့ လိုကြောင်း ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ၎င်းကပြောသည်။
ထို့ပြင် အစီရင်ခံစာထဲတွင် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုများ၊ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်၊ စီးပွားရေး လူမှုရေး အခြေအနေများ တိုးတက်ကောင်းမွန်အောင် ကူညီပြီး၊ ရခိုင်ယဉ်ကျေးမှုအမွေအနှစ်ကိုလည်း တိုးမြှင့် ထိန်းသိမ်းနိုင်ရန် တောင်းဆိုထားသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
“ကျွန်တော်တို့ အစီရင်ခံစာသည် ရခိုင်ပြည်မြောက်ပိုင်းရဲ့ လက်ရှိအခြေအနေကို ကျော်လွန်ပြီးတော့ ဖြေရှင်းနိုင်ပါတယ်” ဟု ကိုဖီအာနန်ကပြောကြားသည်။
“ကျွန်တော်တို့အနေဖြင့် ဒီကြားဖြတ်အစီရင်ခံစာတွင် ရခိုင်ပြည်နယ်ရှိ လူအားလုံးအတွက် တူညီသော ကျန်းမာရေး ဂရုစိုက်မှု၊ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အာရုံစိုက်မှု လိုအပ်တယ်ဆိုတာကို ပြောချင်ပါတယ်” ဟု မစ္စတာကိုဖီအာနန်က ပြောကြားသည်။
ထို့ပြင် အစီရင်ခံစထဲတွင် နိုင်ငံသားစိစစ်ရေးနှင့် နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိစ္စများ၊ ရခိုင်ပြည်နယ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များကို သင်တန်းပေးရန်အပြင် ဘင်္ဂလားဒေရှ့် မြန်မာနယ်စပ်ဂိတ်ကို ကူးသန်းရောင်းဝယ်ရေး ပြန်လည်ကောင်းလာရေးအတွက် ပြန်လည် ဖွင့်လှစ်ရန်လည်း တိုက်တွန်းထားသည်။
ကော်မရှင်၏ အဆိုပါအစီရင်ခံစာအား နိုင်ငံတော်အတိုင်ပင်ခံရုံးကလည်း ကြိုဆိုလိုက်ပြီး အကြံပြုတင်ပြချက်အများအပြားကို အချိန်မဆိုင်းပဲ ထိထိရောက်ရောက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ဖြစ်သလို ကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု မတ် ၁၆ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
သတင်း-ဆုမြတ်မွန်