ရခိုင်ပြည်နယ်ရှိ အကြမ်းဖက်မှုများအား ကုလလုံခြုံရေးကောင်စီ၌ အီးယူနှင့် ဗြိတိန် ရှုတ်ချ

အေအက်ဖ်ပီ
ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ရခိုင်ပြည်နယ်တွင်းဖြစ်ပွားနေသည့် အကြမ်းဖက်မှုများ၊ COVID-19 ဖြစ်ပွားမှုအကျိုးဆက်များနှင့်ပတ်သက်၍ မေ ၁၄ ရက်တွင် ဗွီဒီယိုကွန်ဖရင့်စ်ကျင်းပခဲ့ရာ ကွန်ဖရင့်စ်အတွင်း ကုလလုံခြုံရေးကောင်စီရှိ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ဗြိတိန်တို့က မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပွားနေသည့် အကြမ်းဖက်မှုများနှင့်ပတ်သက်၍ ရှုတ်ချပြောဆိုခဲ့ပြီး နိုင်ငံတွင်း COVID-19 ဖြစ်ပွားမှုအကျိုးဆက်များအတွက် စိုးရိမ်ပူပန်မိကြောင်း ပြောဆိုခဲ့သည်ဟု သံတမန်ရေးအရင်းအမြစ်များကပြောဆိုခဲ့သည်။
ဗြိတိန်၏တောင်းဆိုမှုအရ လုံခြုံရေးကောင်စီအစည်းအဝေးပြုလုပ်ခဲ့ခြင်းဖြစ်သည်။ တစ်ကမ္ဘာလုံးတွင် COVID-19 အကျပ်အတည်းဖြစ်ပွားနေချိန်တွင် ရခိုင်ပြည်နယ်၌ တပ်မတော်နှင့် အေအေတို့ကြား တိုက်ပွဲများပြင်းထန်လာမှုကြောင့် အရပ်သားများ အကြီးအကျယ်ထိခိုက်နစ်နာနေရသည့်အတွက် စိုးရိမ်မိကြောင်း ဗြိတိန်ကပြောဆိုခဲ့သည်။
လက်နက်ကိုင်ပဋိပက္ခကြောင့် ပြည်တွင်း စစ်ဘေးရှောင်ဒုက္ခသည်ဦးရေ တိုးပွားလာပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးပို့ရေးတွင် နောက်ထပ်အကန့်အသတ်များရှိလာခဲ့ကာ အရပ်သားသေဆုံးမှုနှုန်းလည်း ပိုမိုများပြားလာခဲ့ကြောင်း ဗြိတိန်၏ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။
ဥရောပသမဂ္ဂအဖွဲ့ဝင်များဖြစ်သည့် ဘယ်လ်ဂျီယံ၊ အက်စ်တိုးနီးယား၊ ပြင်သစ်နှင့် ဂျာမနီတို့ကလည်း အလားတူပူပန်မိကြောင်း ပြောဆိုခဲ့ကာ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ချက်ချင်းနှင့် ကျယ်ကျယ်ပြန့်ပြန့် အပစ်အခတ်ရပ်စဲရန် တောင်းဆိုခဲ့ကြသည်။
မြန်မာနိုင်ငံရှိ နေရာဒေသအစုံ၊ လူမျိုးဘာသာရေးမရွေးပါဝင်သည့် COVID-19 တုံ့ပြန်ရေးအစီအစဉ်နှင့် ဒုက္ခသည်များနှင့် ပြည်တွင်းစစ်ဘေးရှောင် နေရပ်စွန့်ခွာသူများ၏ထိခိုက်နစ်နာ နိုင်ခြေရှိမှုတို့ကို ထည့်သွင်းတွက်ချက်မှုတို့၏ အရေးပါပုံကို အလေးအနက်ထားလိုကြောင်း ယင်းနိုင်ငံများက ပြောဆိုခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံရှိ အဖိနှိပ်ခံ လူနည်းစုဝင် ရိုဟင်ဂျာမွတ်စ လင်များမှ အမျိုးသမီးများ၏ဒုက္ခကို အဓိကထား၍ ၎င်းတို့ကပြောဆိုခဲ့သည်။
မြန်မာနိုင်ငံနှင့်ပတ်သက်၍ နောက်ဆုံး ကုလလုံခြုံရေးကောင်စီအစည်းအဝေးကို ဖေဖော်ဝါရီတွင် ပြုလုပ်ခဲ့သည်။ မြန်မာ၏မဟာမိတ်အဖြစ် သတ်မှတ်ခံထားရပြီး မြန်မာနိုင်ငံနှင့်ပတ်သက်၍ ကုလက ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းမှုများကို ပုံမှန်တားဆီးလေ့ရှိသည့် တရုတ်နိုင်ငံသည် ကောင်စီဝင် ၁၅ နိုင်ငံတို့ ပူးတွဲကြေညာချက်ထုတ်ပြန်ခွင့်မရအောင် တားဆီးခဲ့သည်။
ရခိုင်ပြည်နယ်၌ ယမန်နှစ်အစောပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် လူများစွာ သေဆုံးပြီး ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကာ လူထောင်ပေါင်းများစွာ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရသည်။ တိုက်ခိုက်မှုများနှင့် လူ့အခွင့်အရေးကျူးလွန်မှုများအတွက် တပ်မတော်နှင့် အေအေတို့က တစ်ဖက်နှင့်တစ်ဖက်အပြစ်ပုံချနေဆဲဖြစ်သည်။
၂၀၁၇ ခုနှစ် သြဂုတ်အစောပိုင်းမှစ၍ မြန်မာစစ်တပ်၏ တိုက်ခိုက်မှုများကြောင့် ရိုဟင်ဂျာဒုက္ခသည်များစွာ ဘင်္ဂလားဒေ့ရှ်သို့ တိမ်းရှောင်ခဲ့ရပြီးဖြစ်သည်။ အကြမ်းဖက်မှုများအတွင်း ဘင်္ဂါလီမည်မျှသေဆုံးသည်ကိုမသိရှိရသော်လည်း အင်န်ဂျီအိုများစွာတို့ကမူ ထောင်ပေါင်းများစွာ သေဆုံးနိုင်ကြောင်း ခန့်မှန်းပြောဆိုခဲ့သည်။

သက်အေး ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.