ရခိုင်ပြည်နယ်ရှိ နေ့ရပ်စွန့်ခွာ ထွက်ပြေးနေရသူများအတွက် အမ်ပီတီက အလှူငွေကောက်ခံ

အောက်တိုဘာ ၃

မတည်မငြိမ်ဖြစ်နေသည့် ရခိုင်ပြည်နယ်တွင်း ပဋိပက္ခများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူများအတွက် တယ်လီဖုန်းဘေလ်ထဲမှတဆင့် အလှူငွေပေးအပ်နိုင်မည့် အစီအစဉ်တစ်ခုကို အမ်ပီတီက ယနေ့ စတင်လိုက်သည်။

“ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ရခိုင်ပြည်နယ် ပြည်သူများအတွက်” ဟု အမ်ပီတီက စာတို ပေးပို့ကာ အလှူငွေကောက်ခံခြင်းဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(အမ်ပီတီ)၏ မိုဘိုင်းဖုန်းသုံးစွဲသူများသည် 3001 သို့ 500 ဟု ရိုက်ပြီး စာတိုပေးပို့လှူဒါန်းနိုင်ပြီး တစ်ကြိမ်လျှင် ၅၀၀ ကျပ်နှုန်းဖြင့် အကန့်အသတ်မရှိ စိတ်ကြိုက် လှူဒါန်းနိုင်မည် ဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ် ၂၅ ရက်နေ့က ရခိုင်ပြည်နယ်ရှိ ရဲစခန်းများအား Arakan Rohingya Salvation Army (ARSA) က တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ကို ရည်ညွန်းကာ အမ်ပီတီက ပြောကြားခြင်းဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဒါဇင်ခန့်သေဆုံးခဲ့ရကာ ARSA အား အကြမ်းဖက်အဖွဲ့အဖြစ် အစိုးရက ကြေညာခဲ့သည်။

ထိုတိုက်ခိုက်မှုအပြီးတွင် တပ်မတော်က နယ်မြေရှင်းလင်းရေးစစ်ဆင်ရေး ဆောင်ရွက်ခဲ့ရာ မူဆလင် ငါးသိန်းခန့်အိမ်နီးချင်း ဘင်္ဂလားဒေရှ့်နိုင်ငံထဲသို့ ထွက်ပြေးသွားခဲ့ကြသည်။ ထို့ပြင် ရခိုင်၊ မြိုနှင့် ဟိန္ဒူဘာသာဝင် ၃၀,၀၀၀ ခန့်မှာလည်း အိုးအိမ်များ စွန့်ခွာထွက်ပြေးခဲ့ကြရကာ ရခိုင်ပြည်နယ်တွင် အစိုးရက ဖွင့်လှစ်ထားသည့် ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြရသည်။

အမ်ပီတီက အလှူငွေကောက်ခံမည့်အစီအစဉ်ကို ယနေ့ ၁၂ နာရီမှစ၍ အောက်တိုဘာ ၃၁ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်သည်။

“လှူဒါန်းငွေများကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းလှူဒါန်းသွားမည်ဖြစ်ပြီး လှူဒါန်းပြီးစီးမှု အခြေအနေကိုလည်း ထုတ်ပြန်ပေးသွားမည် ဖြစ်ပါသည်” ဟု အမ်ပီတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သုံးစွဲသူသန်း၂၀ ကျော်ရှိပြီး မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဈေးကွက် ဝေစုအများဆုံးရရှိထားသည့် အမ်ပီတီက ထိုကဲ့သို့ အလှူငွေကောက်ခံသည့်အစီအစဉ်ကို ယခင်ကလည်း ဆောင်ရွက်ခဲ့ဖူးသည်။

“ပုဂံငလျှင်တုန်းက ကျွန်တော်တို့ အဲလိုအလှူခံတယ်လေ။ ကိုယ့်ဘေလ်ထဲကနေ လှူလိုက်လို့ရတယ်”ဟု အမ်ပီတီ၏ ပြောရေးဆိုခွင့်ရှိသူဦးသိန်းဟုတ်က ပြောသည်။

ဖုန်းဘေလ်ထဲမှ အလှူငွေကောက်ခံသည့် အစီအစဉ်ကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာက နိုင်ငံ၏ ဒေသအများအပြားတွင် ရေကြီးမှုဖြစ်ပေါ်စဉ် အမ်ပီတီက စတင်ခဲ့ပြီး ထိုစဉ်က အလှုူငွေ ကျပ်သိန်း ၂,၉၀၀ ကို အစိုးရထံ လွဲပြောင်းပေးခဲ့သည်ဟု အမ်ပီတီက ထုတ်ပြန်ကြေညာထားသည်။

အလားတူ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလက လှုပ်ခတ်ခဲ့သည့် ပုဂံငလျှင်အတွက် အလှူငွေကောက်ခံခဲ့စဉ်ကလည်း ကျပ်သိန်း ၁,၆၀၀ ကျော်ရရှိခဲ့ပြီး ပြန်လည် လှူဒါန်းခဲ့ကြောင်း MPT က သတင်းထုတ်ပြန်ထားသည်။

အမ်ပီတီ၏ ဦးဆောင်ညွှန်ကြားရေးမှုး ဦးခင်မောင်ထွန်းက “ကျွန်တော်တို့ရဲ့ သန်းပေါင်းများစွာသော သုံးစွဲသူတွေကို ဒီလိုလှူဒါန်းမှုမှာ အင်တိုက်အားတိုက် ပါဝင်လာဖို့အတွက်ကိုလည်း တိုက်တွန်းချင်ပါတယ်။ ဒီလိုပါဝင်လာတာကြောင့်လည်း ရခိုင်ဒေသမှာရှိနေတဲ့ ပြည်သူတွေ ခံစားနေရတဲ့ ဘေးဒုက္ခတွေကနေ သက်သာရာရစေဖို့ ကျွန်တော်တို့အနေနဲ့ တစ်ဖက်တစ်လမ်းကနေ မျှဝေဖေးမ ပေးနေတယ်ဆိုတာကို မြင်တွေ့ရစေမှာပါ” ဟု ပြောကြားသည်။

သတင်း-ထွန်းခိုင်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar