ရခိုင်ပြည်နယ်တွင် ရွာသားများအား နှိပ်စက်နေသည့် ဗီဒီယိုနှင့် ပတ်သက်ပြီး ရဲသုံးဦးကို အရေးယူ

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

ရခိုင်ပြည်နယ်တွင် ဒေသခံရွာသားများအား ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်ကန်ကျောက်နေသည့် ဗီဒီယိုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်သုံးဦးအား နှစ်လစီ ချုပ်နှောင်ထားရန် အမိန့်ချမှတ်ခဲ့သည်ဟု လုံခြုံရေးဆိုင်ရာ သတင်းအရင်းများက အေအက်ဖ်ပီကို ယခုလ ၈ ရက်နေ့က ပြောကြားသည်။ အဆိုပါ ဗီဒီယိုတွင် ပါဝင်သည့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ရွာသူ၊ ရွာသားများအား ထိခိုက်နာကျင်စေလိုသည့် ရည်ရွယ်ချက် မရှိဟုလည်း ၎င်းတို့က ဆိုသည်။

အွန်လိုင်းနှင့် Facebook ပေါ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလက ပျံ့နှံ့ခဲ့သည့် အဆိုပါ ဗီဒီယိုတွင် ရဲတပ်ဖွဲ့ဝင်များက ရွာသားများအား အော်ဟစ်ခြင်း၊ ရိုက်နှက်ကန်ကျောက်ခြင်းနှင့် ခေါင်းပေါ်တွင် လက်တင်ကာ ပုံစံထိုင်ခိုင်းခြင်းများကို ပြုလုပ်နေကြသည်ကို တွေ့ရှိခဲ့ကြရသည်။ အဆိုပါဗီဒီယိုကို ရဲတပ်ဖွဲ့ဝင်တစ်ဦးက ၎င်း၏ လက်ကိုင်ဖုန်းဖြင့် ကိုယ်တိုင်ရိုက်ကူးထားခြင်းလည်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ဆောင်ရွက်နေသည့် လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးများအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံမူဆလင်များအပေါ် နှိပ်စက်မှုများ၊ မတရား ပြုကျင့်မှုများနှင့် သတ်ဖြတ်မှုများ ကျူးလွန်နေသည်ဟု နိုင်ငံတကာက စွပ်စွဲမှုများ ရှိနေပြီး မြန်မာအစိုးရကလည်း အစဉ်တစိုက် ငြင်းဆိုလေ့ရှိသည်။

သို့သော် အဆိုပါ ဗီဒီယို အင်တာနက်ပေါ်တွင် ထွက်ပေါ်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင်များက လုပ်ထုံးလုပ်နည်းများနှင့် မညီပဲ ပြုမူဆောင်ရွက်မှုများ ရှိခဲ့သည်ဟု မြန်မာအစိုးရက ဝန်ခံခဲ့ပြီး အဆိုပါ ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမည်ဟုလည်း သတင်းထုတ်ပြန်ခဲ့သည်။ ထို့နောက် ယခုကဲ့သို့ အရေးယူခဲ့ခြင်းမှာ ထူးထူးခြားခြား ဖြစ်ရပ်တစ်ခုလည်း ဖြစ်သည်။

ရဲတပ်သားသုံးဦးအား အချုပ်နှစ်လစီ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်ဟု ရဲတပ်ဖွဲ့သတင်းရင်းမြစ်များက အေအက်ဖ်ပီကို ပြောကြားသည်။ အဆိုပါသုံးဦးထဲတွင် ဗီဒီယိုအား ရိုက်ကူးခဲ့သူဟု နိုင်ငံပိုင်သတင်းများတွင် ဖော်ပြခဲ့သည့် ရဲတပ်သား ဇော်မျိုးထိုက်လည်း ပါဝင်သည်။

သို့သော် အဆိုပါ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြစ်ဒဏ်များကို အရပ်ဘက်ထောင်တွင် ကျခံရမည်မဟုတ်ပဲ ရဲအချုပ်ထောင်တွင်သာ ကျခံရမည်ဖြစ်သည်။

ထို့ပြင် စည်းကမ်းထိန်းသိမ်းရန် ပျက်ကွက်မှုဖြင့် ရဲအရာရှိ သုံးဦးကိုလည်း ရာထူးလျော့ချခြင်းနှင့် လုပ်သက်လျော့ချသည့် ပြစ်ဒဏ်များ ပေးခဲ့သည်ဟုဆိုသည်။

“သူတို့မှာ ထိခိုက်နာကျင်စေလိုတဲ့ ရည်ရွယ်ချက် မရှိပါဘူး” ဟု ရိုဟင်ဂျာရွာသားများအား ရဲတပ်ဖွဲ့ဝင်များက ဆက်ဆံပုံနှင့် ပတ်သက်ပြီး အမည်မဖော်လိုသည့် ရဲအရာရှိတစ်ဦးက အေအက်ဖ်ပီကို ပြောကြားသည်။

“စစ်ဆင်ရေးဆောင်ရွက်နေတုန်းမှာ ရွာသားတွေက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ရုန့်ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ ပြောဆိုခဲ့ကြပါတယ်။ အခုလို အရေးယူတာကလည်း ရဲလုပ်ငန်းစဉ်ကို လိုက်နာဖို့ ပျက်ကွက်တဲ့အတွက် ဖြစ်ပါတယ်” ဟု ၎င်းကပြောကြားသည်။

ရဲတပ်ဖွဲ့ဝင်များကို ပြီးခဲ့သည့်လက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု မောင်တောမှ ရဲအရာရှိတစ်ဦးကလည်း အတည်ပြုပြောကြားသည်။ ထိုသို့ ဖြစ်ပွားခဲ့ခြင်းမှာလည်း ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အလုပ်လုပ်ကိုင်ရသည်မှာ စိတ်ဖိစီးမှု များပြားသည့်အတွက်ကြောင့်ဟု ၎င်းက အပြစ်တင်ခဲ့သည်။

“မြေပြင်အခြေအနေမှာ ဖိအားတွေအများအပြားနဲ့ ရဲတပ်ဖွဲ့က တွေ့ကြုံနေရပါတယ်။ အကြမ်းသမားတွေနဲ့ ရင်ဆိုင်ဖို့ ကျွန်တော်တို့ရဲ့ အသက်တွေကို စွန့်ထားကြရတာ ဖြစ်ပါတယ်” ဟု ၎င်းကပြောကြားသည်။

သတင်း-အေအက်ဖ်ပီ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar