ရခိုင်ပြည်နယ်ဆိုင်ရာ အစီရင်ခံစာများအား ထပ်မံစိစစ်ရန် စုံစမ်းစစ်ဆေးရေးခုံရုံးကို တပ်မတော်ဖွဲ့စည်း

၂၀၁၇ ခုနှစ်၊ သြဂုတ်လက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုနောက်ပိုင်း တပ်မတော်၏ ဆောင်ရွက်မှု ပတ်သက်ပြီး အစီရင်ခံစာအသီးသီး၏ ရေးသားဖော်ပြချက်များအား ထပ်မံစိစစ် အတည်ပြုရန်အတွက် စုံစမ်းစစ်ဆေးရေးခုံရုံးကို ဖွဲ့စည်းလိုက်သည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ယနေ့ ကြေညာသည်။

“ဖြစ်စဉ်များအား စုံစမ်းစစ်ဆေးခဲ့သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာများအပေါ် စစ်ဥပဒေချုပ်ရုံးက လေ့လာသုံးသပ် အကြံပြုတင်ပြချက်များအရလည်းကောင်း၊ Human Rights Watch အဖွဲ့၊ Amnesty International အဖွဲ့နှင့် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ Fact Finding Mission တို့၏ စွပ်စွဲရေးသား ဖော်ပြသော အစီရင်ခံစာများအပေါ် စစ်ဥပဒေချုပ်ရုံးက လေ့လာသုံးသပ် အကြံပြု တင်ပြချက်များအရလည်းကောင်း အစီရင်ခံစာအသီးသီး၏ ရေးသား ဖော်ပြချက်များကို ထပ်မံစိစစ် အတည်ပြုရန် လိုအပ်ပါသည်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ဖြစ်စဉ်အသီးသီးအပေါ် ထပ်မံစိစစ်အတည်ပြုရန် စုံစမ်းစစ်ဆေးရေးခုံရုံးကို ဖွဲ့စည်း၍ မတ် ၁၈ ရက်နေ့တွင် စတင်စစ်ဆေး ဆောင်ရွက်သွားမည်ဟုလည်း ဖော်ပြထားသည်။

အဆိုပါခုံရုံးတွင် ဗိုလ်ချုပ်မြတ်ကျော်က ဥက္ကဋ္ဌအဖြစ် ပါဝင်ပြီး ဗိုလ်မှူးကြီးကျော်ကျော်နိုင်နှင့် ဗိုလ်မှူးကြီးသန်းနိုင်တို့က အဖွဲ့ဝင်များအဖြစ် ပါဝင်မည်ဖြစ်သည်။

၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်နေ့တွင် ARSA အဖွဲ့မှ ဦးဆောင်သည့် အနည်းဆုံးအင်အား ၆,၂၀၀ ကျော်ခန့်မှ အများဆုံးအင်အား ၁၀,၀၀၀ ကျော်ခန့်တို့က မိုင်းထောင်ဖောက်ခွဲခြင်း၊ ဓား၊ လှံ၊ လက်နက်ငယ်၊ လက်လုပ်မိုင်းများဖြင့် အင်အားသုံး၍ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် ဒေသတို့ရှိ တပ်မတော်တပ်ဌာနချုပ်တစ်ခုနှင့် ရဲကင်းစခန်း ၃၀ ခုအပါအဝင် ရခိုင်တိုင်းရင်းသား ကျေးရွာများအားလုံးနီးပါးအား တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြသည်ဟု တပ်မတော်က ပြောကြားသည်။

ထိုနေ့တွင် “ထိတွေ့တိုက်ပွဲဖြစ်ပွားမှုဖြစ်စဉ် ၃၈ ကြိမ် ဖြစ်ပွားခဲ့ပြီး မိမိဘက်မှ စစ်သည် ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ ဝန်ထမ်း ၁ ဦး၊ ပေါင်း ၁၂ ဦး နိုင်ငံတော်အတွက် အသက်စွန့်လွှတ်ခဲ့ရပြီး အချို့ ထိခိုက်ဒဏ်ရာများရရှိခဲ့သည်” ဟု တပ်မတော်၏ ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့ပြင် ဒေသခံအရပ်သား ၁၃၀ ဦးလည်း အသတ်အခံခဲ့ရကာ လက်နက်ငယ် ၆ လက်ဆုံးရှုံးခဲ့သည်ဟုလည်း ပြောကြားသည်။

“အကြမ်းဖက်တိုက်ခိုက်မှုများကို ဖော်ထုတ်ရန်၊ ၎င်းတို့ယူဆောင်သွားသော လက်နက်ခဲယမ်းများ အမြန်ပြန်လည် သိမ်းဆည်းရရှိစေရန်နှင့် ဒေသခံပြည်သူများ၏ လုံခြုံရေးအတွက် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ နယ်မြေလုံခြုံရေးတာဝန်များ ဆောင်ရွက်ခဲ့ရပါသည်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

တိုက်ခိုက်မှုများကို တုံ့ပြန်ဆောင်ရွက်ရာတွင် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းများနှင့်အညီ လိုက်နာ ဆောင်ရွက်ရေးအတွက် ညွှန်ကြားချက်တစ်ရပ်ကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)က သက်ဆိုင်ရာ ကွပ်ကဲမှုဌာနချုပ်များသို့ ညွှန်ကြားခဲ့သည်ဟုဆိုသည်။

ထို့နောက် ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း ခေါင်းဆောင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာတွင် ဖွဲ့စည်းစစ်ဆေးခဲ့ပြီးနောက် နယ်မြေဒေသ လုံခြုံရေးအတွက် ကွပ်ကဲစီမံအုပ်ချုပ်ဆောင်ရွက်မှုနှင့် လုံခြုံရေးသတင်းများကြိုတင် လက်ဦးဖော်ထုတ်ရယူနိုင်မှု အားနည်းချက်များကို တွေ့ရှိရသဖြင့် တာဝန်ရှိသူများကိုလည်း လိုအပ်သလို အရေးယူဆောင်ရွက်ခဲ့သည်ဟု ဖော်ပြထားသည်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လတိုက်ခိုက်မှုအပြီး တပ်မတော်က လက်တုံ့ပြန်သည့် စစ်ဆင်ရေးများအတွင်း ရိုဟင်ဂျာမူဆလင်များအပေါ် ရက်စက်မှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲမှုများ ပေါ်ထွက်ခဲ့ခြင်းဖြစ်သည်။ ထိုစစ်ဆင်ရေးများအတွင် ရိုဟင်ဂျာမူဆလင် ခုနစ်သိန်းကျော် နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်ဟုလည်း ကုလသမဂ္ဂက ပြောကြားထားသည်။

၎င်းတို့မှာ ဘင်္ဂလားရှေ့်နိုင်ငံရှိ ပြည့်ကြပ်နေသည့်ဒုက္ခသည်စခန်းများတွင် လက်ရှိအချိန်ထိ နေထိုင်နေကြရဆဲဖြစ်သည်။ ၎င်းတို့မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရေးအတွက် မြန်မာနှင့် ဘင်္ဂလားဒေရှ့်တို့ သဘောတူညီပြီးဖြစ်သော်လည်း ယနေ့အချိန်ထိ တစ်ဦးမျှ ပြန်လာခြင်းမရှိသေးပေ။

ထို့ပြင် ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့်ရက်စက်မှုများနှင့် ပတ်သက်ပြီး တာဝန်ရှိသူများအား အရေးယူရန်အတွက် ကုလသမဂ္ဂနှင့် နိုင်ငံတကာက တောင်းဆိုမှုများလည်း ရှိနေသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိခဲ့သည်ဟု စွပ်စွဲချက်များနှင့် ပတ်သက်ပြီး တိုင်ကြားစာ ၄၀ ကျော်ကို မြန်မာအစိုးရက ဖွဲ့စည်းပေးထားသည့် လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်က ရရှိထား မတ် ၂ ရက်နေ့က ပြောကြာသည်။

မြန်မာနိုင်ငံအား အပြည်ပြည်ဆိုင်ရာ တရားရုံး (ICC) သို့ လွှဲပြောင်းနိုင်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့က မြန်မာနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံများသို့ ၂၀၁၈ ခုနှစ်၊ မေလက လာရောက်ခဲ့ပြီးနောက် စွပ်စွဲမှုများအား လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် မြန်မာအစိုးရကို အကြံပြုခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံသား အဖွဲ့ဝင်နှစ်ဦးနှင့်အတူ နိုင်ငံတကာမှနှစ်ဦး ပါဝင်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ထိုနှစ်ဇူလိုင်လတွင် မြန်မာအစိုးရက ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။ ထိုကော်မရှင်က ကြားဖြတ်အစီရင်ခံစာကို ယခုလအတွင်း မြန်မာအစိုးရထံ တင်သွင်းမည်ဖြစ်ပြီး အပြီးသတ်အစီရင်ခံစာကို ယခုနှစ်ကုန်၌ တင်သွင်းရန် စီစဉ်ထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar