ရခိုင်ဒေသအတွင်း နိုင်ငံသားစိစစ်မှု မူဝါဒမပြောင်း၊ လုပ်နည်းပြောင်းမည်

နေပြည်တော်၊ ဧပြီ ၂၈

ရခိုင်ပြည်နယ်အတွင်း မအောင်မြင်သေးတဲ့ နိုင်ငံသားစိစစ်မှုလုပ်ငန်းအပေါ် မူဝါဒအပြောင်းအလဲလုပ်ဖို့ မရှိပေမယ့် လုပ်နည်းလုပ်ဟန် ပြောင်းလဲဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက Frontier ကို ပြောပါတယ်။

မောင်တောခရိုင် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနထံက ဧပြီလဆန်းပိုင်းအတွင်း ရရှိထားတဲ့ အချက်အလက်တွေအရ ဒေသတွင်း အစ္စလာမ်ဘာသာဝင် ခုနှစ်သိန်းအနက် ၅,၀၀၀ နီးပါးသာ နိုင်ငံသားစိစစ်ရေး သက်သေခံကတ် (NVC) ပြုလုပ်ထားတယ်လို့ သိထားရတာကြောင့် အဲဒီလုပ်ငန်းစဉ်အပေါ် မူဝါဒများအပြောင်းအလဲ လုပ်ဖို့ရှိလားလို့ Frontier က မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ဦးဇော်ဌေးက “မြို့နယ်ရုံးတွေကို သွားနေရတဲ့လုပ်ငန်းစဉ်ကို ပြန်သုံးသပ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံရဲ့ လမ်းညွှန်ချက်အရ ကွင်းဆင်းဆောင်ရွက်မယ့် ဦးဆောင်အဖွဲ့ကို ဖွဲ့ပါတယ်”လို့ နေပြည်တော်၊ ပြန်ကြားရေးဝန်ကြီးဌာနရုံးမှာ ဧပြီ ၂၈ ရက်က ကျင်းပတဲ့ အစိုးရတစ်နှစ်ပြည့် ဆောင်ရွက်မှုများနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ကာယကံရှင်တွေဟာ နိုင်ငံသားစိစစ်ခံရေး သက်သေခံကတ်ပြားထုတ်ယူဖို့ မြို့နယ်ရုံးတွေကို သွားရတဲ့အဆင့်ကို လျှော့ချပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ဦးဆောင်မယ့် ကွင်းဆင်းဆောင်ရွက်ရေးအဖွဲ့တွေက ကျေးရွာတွေအထိ လိုက်လံဆောင်ရွက်မယ့် ပုံစံကို ပြောင်းလဲမယ်ဆိုတဲ့ သဘောပါ။

လက်ရှိမူဝါဒဟာ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေနဲ့အညီ ဖြစ်တဲ့အတွက် ပြည်ထောင်စုလွှတ်တော်က ဥပဒေကို အသစ်၊ ပြင်ဆင်၊ ဖြည့်စွက်မှုတွေမလုပ်မချင်း အစိုးရအနေနဲ့ တည်ဆဲဥပဒေပါအတိုင်းသာ လိုက်နာဆောင်ရွက်ဖို့ တာဝန်ရှိတာကြောင့် မူဝါဒအပြောင်းအလဲတော့ မရှိနိုင်သေးဘူးလို့ ဦးဇော်ဌေးက ဆက်လက် ရှင်းပြပါတယ်။

အစိုးရအစီအစဉ်နဲ့ မတ်လကုန်နဲ့ ဧပြီလဆန်းပိုင်းအတွင်း မောင်တောဒေသကို Frontier က ရောက်ရှိခဲ့စဉ် တွေ့ဆုံခဲ့တဲ့ အစ္စလာမ်ဘာသာဝင်တိုင်းကတော့ နိုင်ငံသားစိစစ်မှုလုပ်ငန်းစဉ်ကို လက်မခံကြဘူးလို့ ပြောကြပါတယ်။

အစိုးရရဲ့ မှတ်တမ်းတင်စောင့်ကြည့်မှု၊ အချင်းချင်းအကြား အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေရှိနေတာကြောင့် ဘယ်နေရာမှာနေထိုင်တဲ့ ဘယ်သူတွေက ဒီလိုပြောတယ်ဆိုတာကို ထုတ်ဖော် မရေးသားဖို့ Frontier က ဆုံးဖြတ်ထားတဲ့အတွက် အတိအကျမဖော်ပြနိုင်ပေမယ့် အားလုံးပြောကြတဲ့အထဲ အဓိကတူညီတဲ့အချက်က ရိုဟင်ဂျာလို့ မသတ်မှတ်ပဲ ဘင်္ဂါလီလို့ သတ်မှတ်မှာ မလိုလားဘူးဆိုတာပဲ ဖြစ်ပါတယ်။

နောက်တစ်ချက်က ရှိပြီးသား အသိအမှတ်ပြုကတ်တွေပြန်အပ်ပြီးမှ နိုင်ငံသားစိစစ်ခံဖို့အတွက် Idenity Card for National Verification- NVC သက်သေခံကတ်ပြား ထပ်မံလျှောက်ထားရမယ်ဆိုတဲ့ လုပ်ငန်းစဉ်ကို သူတို့က သဘောမတူကြပါဘူး။

ဦးဇော်ဌေးကတော့ “အဓိကက နိုင်ငံသားအခွင့်အရေးပေးဖို့ လုပ်နေတာဖြစ်ပါတယ်။ အဲဒီအပေါ်မှာ နားလည်မှု လွဲပြီးတော့ NVC အလိုမရှိဆိုတဲ့ လှုပ်ရှားမှုတွေလုပ်တယ်။ ဒါကိုလက်မခံအောင် လုပ်နေတဲ့ အဖွဲ့အစည်းတွေရှိပါတယ်။ NVC လုပ်ပြီးရင် နောက်တစ်ဆင့်က နိုင်ငံသားကိစ္စဖြစ်ပါတယ်” လို့ ရှင်းပြပါတယ်။

ဒါ့အပြင် စွပ်စွဲနေကြသလို ဒီပုဂ္ဂိုလ်တွေရဲ့ နိုင်ငံသားအခွင့်အရေးကို အစိုးရက ပိတ်ပင်ဖို့ လုပ်နေတာ မဟုတ်ဘဲ နိုင်ငံသားဖြစ်ဖို့ လိုအပ်တဲ့လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေတာသာ ဖြစ်တယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရသစ် တက်လာချိန် ရက် ၁၀၀ ဦးစားပေးလုပ်ဆောင်မယ့် စာရင်းမှာ နိုင်ငံသား စိစစ်မှုလုပ်ငန်းကို ထည့်သွင်းဆောင်ရွက်နေပေမယ့် တစ်နှစ်ကျော်လာတဲ့အထိ ထိထိရောက်ရောက် မဆောင်ရွက်နိုင်သေးပါဘူး။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar