ရခိုင်ထွက် သယံဇာတများအား အပြည့်အဝ စီမံခွင့်ရရန် ဒေသခံသုံးသိန်း လက်မှတ်ရေးထိုး

ရခိုင်ပြည်နယ်မှထွက်သော သယံဇာတများကို ဒေသခံတိုင်းရင်းသားများက အပြည့်အဝ စီမံခွင့် ရရှိရေးအတွက် လက်မှတ်ရေးထိုး တောင်းဆိုသည့် လှုပ်ရှားမှုတစ်ခုကို ဆောင်ရွက်ခဲ့ရာ ယခုအခါ လက်မှတ်သုံးသိန်းပြည့်သွားပြီဖြစ်သဖြင့် သက်ဆိုင်ရာထံ တင်ပြတော့မည်ဟု ဦးဆောင်သူများက စက်တင်ဘာ ၁၂ ရက်တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပ၍ ကြေညာလိုက်သည်။

ယခုကိစ္စကို ရခိုင်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက်က ဦးစီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လဆန်းမှ သြဂုတ်လကုန်အထိ လက်မှတ်များ ကောက်ခံခဲ့ကာ၊ ရခိုင်ပြည်နယ်အတွင်းမှ နိုင်ငံရေးပါတီဝင်များ၊ ဒေသခံ လူမှုရေးအဖွဲ့အစည်းများက ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။

ကောက်ခံ ရရှိထားသည့် ဆန္ဒပြုလက်မှတ်များကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ၊ လွှတ်တော်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ တင်ပြသွားမည်ဟု ဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးဇေယျကျော်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“ကျွန်တော်တို့ ပြည်နယ်ကထွက်တဲ့ သယံဇာတကို ကျွန်တော်တို့ပဲ ပိုင်ရမယ်။ ကျွန်တော်တို့ပဲ အပြည့်အဝ စီမံခွင့်ရှိရမယ်ဆိုတဲ့ အမြင်နဲ့ဒီလိုလုပ်တာပါ။ အခုဟာက ကျန်တာတွေမပြောနဲ့ သားငါး အပေါဆုံးပြည်နယ်ဖြစ်တဲ့ ရခိုင်ပြည်နယ်ဟာ အာဟာရအချို့တဲ့ဆုံး ပြည်နယ်တွေအနက်က တစ်ခုဖြစ်နေတာကိုပဲကြည့်ပါ” ဟု ဦးဆောင်လှုပ်ရှားသူတစ်ဦးဖြစ်ပြီး ကျောက်ဖြူ ကျေးလက်ဖွံ့ဖြိုးရေးအသင်း ညှိနှိုင်းရေးမှူး ဦးထွန်းကြည်ကပြောသည်။

ရခိုင်ကမ်းလွန်ပင်လယ်ပြင်တွင် သဘာဝဓာတ်ငွေ့လုပ်ကွက်များစွာ တူးဖော်နေသော်လည်း ဒေသခံ တိုင်းရင်းသားများအတွက် အကျိုးဖြစ်ထွန်းမှုမရှိသည်ကိုလည်း ၎င်းတို့က ထောက်ပြသွားသည်။

“ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းဆိုရင် ကျွန်တော်တို့အကျိုးစီးပွား ဖြစ်ထွန်းဖို့နေနေသာသာ၊ လယ်ယာမြေတွေ အသိမ်းခံရတယ်။ ထိခိုက်ပျက်စီးမှုတွေလည်း အများကြီးပဲ” ဟု ဦးထွန်းကြည်က ပြောကြားသည်။

သတင်းစာရှင်းလင်းပွဲကို ဦးဆောင်ရှင်းလင်းသူများတွင် ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောနှင့် ပါတီဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်တို့လည်း ပါဝင်သည်။

သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသူများထဲမှအချို့က ယခင်ကလည်း ထိုသို့လက်မှတ်များ ရေးထိုး တောင်းဆိုမှုများရှိခဲ့သော်လည်း မည်သည့်ထူးခြားချက်မျှ မရှိခဲ့သဖြင့် ယခုအကြိမ်တွင် ထိရောက်အောင် မည်သို့ ဆက်လက်ဆောင်ရွက်မည်ကို မေးခွန်းထုတ်မှုများရှိခဲ့သည်။

“ဘာမှဖြစ်မလာပါဘူးဆိုတဲ့ စိုးရိမ်မှုတွေ လက်မှတ်ထိုးတဲ့သူတွေမှာကော၊ ပူးပေါင်းကူညီပေးတဲ့ အဖွဲ့အစည်းတွေမှာပါ ရှိပါတယ်။ ဒါပေမယ့် နိုင်ငံရေးမှာက ဘာမှမလုပ်ပြန်ရင်လဲ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ အခုဟာ ဒေသခံတွေရဲ့ စိတ်ထဲမှာ ဘယ်လိုသဘောထားရှိတယ်ဆိုတာကို ထုတ်ဖော် ပြသတာဖြစ်ပါတယ်”ဟု ဦးကျော်ဇေယျက ပြန်လည်ရှင်းပြခဲ့သည်။

လက်ရှိကာလတွင် ဗဟိုအစိုးရကသာ သယံဇာတများကို စီမံခန့်ခွဲနေသည့်အစား တိုင်းနှင့် ပြည်နယ်များအတွက် သယံဇာတခွဲဝေရေး မူဝါဒထုတ်ပြန်သင့်သလို၊ ယင်းမူဝါဒ မထုတ်ပြန်နိုင်မီတွင်လည်း စီမံကိန်းကြီးများအား ယာယီရပ်ဆိုင်းထားသင့်သည်ဟု လက်မှတ်ထိုးလှုပ်ရှားမှုကို ဦးဆောင်သူများက ပြောကြားသည်။

ယခုကိစ္စနှင့်ပတ်သက်၍ စစ်တွေမြို့မှ ကျောက်ဖြူမြို့သို့ ချီတက်ဆန္ဒပြပွဲကိုလည်း လာမည့် နိုဝင်ဘာလတွင် ပြုလုပ်သွားမည်ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြသည်။

မကြာသေးမီက ကျင်းပခဲ့သည့် ၂၁ ရာစု ပင်လုံညီလာခံတွင်လည်း ရခိုင်အမျိုးသားပါတီက ရခိုင်ပြည်နယ်အစိုးရအား ဗဟိုပြည်ထောင်စုအစိုးရ၏ အုပ်ချုပ်မှုအောက်တွင်လည်းရှိမနေ၊ ခွဲထွက်သည်လည်း မဟုတ်ပဲ ဒေသခံများ ရွေးကောက်သည့်အစိုးရကသာ လွတ်လွတ်လပ်လပ်အုပ်ချုပ်သည့် ပုံစံကို အဆိုပြုတင်ပြခဲ့ဖူးသည်။

အခြားတစ်ဖက်တွင်မူ လက်ရှိ ၂၀၀၈ အခြေခံဥပဒေက တိုင်းနှင့်ပြည်နယ် အစိုးရများအတွက် ဝန်ကြီးချုပ်များအား ဗဟိုအစိုးရကသာ ခန့်အပ်ပိုင်ခွင့်ပေးထားသလို၊ ထိုတိုင်းနှင့်ပြည်နယ်အစိုးရများ၏ သယံဇာတစီမံခန့်ခွဲခွင့်ကိုပင် ထပ်မံထိန်းချုပ်ထားသေးသဖြင့် ယင်းကိစ္စမှာ အခြေခံဥပဒေပြင်ဆင်နိုင်မှသာ အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။

သတင်း-ကျော်ဖုန်းကျော်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar