ရခိုင်တွင် နိုင်ငံတကာ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်များ ချထားပေးရန် ရိုဟင်ဂျာအဖွဲ့ တောင်းဆို

မတ် ၃၀

ရခိုင်ပြည်နယ်ရှိ မူဆလင်လူနည်းစုများအပေါ် အကာအကွယ်ပေးရန်အတွက် နိုင်ငံတကာ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့များ ချထားပေးရန် ရိုဟင်ဂျာစစ်သွေးကြွအဖွဲ့က ဗုဒ္ဓဟူးနေ့တွင် တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးမရှိဟု မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့အပြီး ရက်ပိုင်းအတွင်းတွင် ၎င်းထုတ်ပြန်ချက် ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။

Arakan Rohingya Salvation Army (ARSA) ဟု ၎င်းတို့ကိုယ်၎င်း မှည့်ခေါ်ထားသည့်အဖွဲ့က ထုတ်ပြန်ခဲ့သည်ဟူသည့် အဆိုပါကြေညာချက်တွင် ၎င်းတို့အနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာများအား ကာကွယ်ရန်နှင့် ကယ်တင်ရန်အတွက် ဆောင်ရွက်ရခြင်းသာဖြစ်သည်ဟု ဖော်ပြထားသည်။

“မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်အရ မိမိတို့အနေဖြင့် နိုင်ငံတကာဥပဒေများအတိုင်း ကိုယ့်ကိုကိုယ် ကာကွယ်ရန် ဥပဒေအရ အခွင့်အရေးရှိသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း အေအက်ဖ်ပီက ရေးသားထားသည်။

သို့သော် အဆိုပါကြေညာချက် မည်သည့်နေရာက ထွက်ပေါ်လာခြင်းဖြစ်သည်ကိုမူ သီးခြားအတည်ပြုချက် ရယူနိုင်ခြင်းမရှိဟု အေအက်ဖ်ပီသတင်းတွင် ဆက်လက်ရေးသားထားသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက ရခိုင်ပြည်နယ်အတွင်းရှိ နယ်ခြားစောင့် ရဲစခန်းများအား အကြမ်းဖက်သူများက အင်အားသုံးကာ အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့မှုမှာ ၎င်းတို့လက်ချက်ဖြစ်သည်ဟု ပြောဆိုထားကြသည်။ ရဲတပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့ကာ လက်နက်ခဲယမ်းအမြောက်အများ ပျောက်ဆုံးသွားခဲ့ရသည့် အဆိုပါ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်နှင့် မောင်တောဒေသတွင် မြန်မာအစိုးရ လုံခြုံရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးများကို ဆောင်ရွက်ခဲ့သည်။ အဆိုပါ စစ်ဆင်ရေးများကြောင့် လူရာပေါင်းများစွာ သေဆုံးခဲ့ရကာ ထောင်ပေါင်းများစွာမှာ နယ်စပ်ကိုဖြတ်ကျော်ပြီး ဘင်္ဂလားဒေရှ့်နိုင်ငံတွင်းသို့ ထွက်ပြေးခဲ့ကြသည်ဟု ကုလသမဂ္ဂနှင့် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲထားကြသည်။

မြန်မာအစိုးရမူ အဆိုပါစွပ်စွဲချက်များကို ငြင်းဆိုထားကာ စုံစမ်းစစ်ဆေးရန်အတွက် ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်က နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့ စေလွှတ်မည့် ဆုံးဖြတ်ချက်ကိုလည်း ပယ်ချလိုက်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း အောက်တိုဘာလတွင် ဖြစ်ပွားခဲ့သည့် ဘင်္ဂါလီအချို့ အကြမ်းဖက်မှုကြောင့် ဖြစ်ပေါ်လာသော ဒုက္ခသည်များကို အကြောင်းပြုပြီး နိုင်ငံရေးစွက်ဖက်မှုများကို တွေ့မြင်ရမှာဖြစ်သည်ဟု မတ် ၂၇ ရက်နေ့က ကျရောက်သည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

“မိမိနိုင်ငံတွင် ရိုဟင်ဂျာလူမျိုး မရှိကြောင်း၊ ကမ္ဘာကို အသိပေးပြီးဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများမှာ မြန်မာတိုင်းရင်းသားများ မဟုတ်ဘဲ မြန်မာနိုင်ငံတွင် လာရောက် နေထိုင်ကြသူများသာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဥပဒေအရ ဆောင်ရွက်ပေးသင့်သည်များကို ဆောင်ရွက်ပေးရန် တာဝန်ရှိသလို နိုင်ငံတော်အတွင်း ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေနှင့် ဘာသာရေး၊ လူမျိုးရေးအကြောင်းပြုပြီး ဆောင်ရွက်လာမှုများမှာ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးနိုင်သည့်အတွက် တပ်မတော်၏ စိတ်ဓာတ်ကို အခြေခံ၍ ကာကွယ်သွားမည်ဖြစ်ကြောင်း” ၎င်းက ပြောကြားခဲ့သည်။

ARSA အဖွဲ့၏ ကြေညာချက်ကို ၎င်းအဖွဲ့၏ စစ်ဦးစီးချုပ်ဟူသည့် Ata Ullah က လက်မှတ်ရေးထိုးထားသည်။ ၎င်းမှာ ရိုဟင်ဂျာများ၏ အခွင့်အရေးကို တောင်းဆိုထားသည့် ဗီဒီယိုများတွင် ပါဝင်ခဲ့သူလည်း ဖြစ်သည်။

၎င်းတို့က ရခိုင်ပြည်နယ်အတွင်းသို့ နိုင်ငံတကာ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့များ စေလွှတ်ပေးရန်အပါအဝင် လိုအပ်သည့် ဆောင်ရွက်မှုများ လုပ်ဆောင်ပေးရန် တောင်းဆိုထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar