ရခိုင်စုံစမ်းရေးကော်မရှင် အစီရင်ခံစာထွက်ရန် အချိန်တစ်နှစ်ကြာမည်

ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိခဲ့သည်ဟု စွပ်စွဲမှုများနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန် အစိုးရက ခန့်အပ်ခဲ့သော ကော်မရှင်သစ်က ၎င်းတို့၏ အကြံပြုချက်များအား သမ္မတဦးဝင်းမြင့်ထံ အစီရင်ခံစာ ပေးအပ်ရေးအတွက် အချိန်တစ်နှစ်ယူမည်ဟု ပြောကြားသည်။

နေပြည်တော်တွင် သြဂုတ် ၁၆ ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ကော်မရှင်ဥက္ကဋ္ဌ၊ ဖိလစ်ပိုင် ဒုနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စရိုဆာရီယို မယ်နာလိုက ကော်မရှင်၏ လုပ်ငန်းတာဝန် သတ်မှတ်ချက်များအနေဖြင့် ARSA အကြမ်းဖက် တိုက်ခိုက်မှုများအပြီး ပေါ်ပေါက်လာသည့် လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ပတ်သက်သည့် ကိစ္စရပ်များကို စုံစမ်းစစ်ဆေးရန်နှင့် ထိုသို့ စုံစမ်း စစ်ဆေးရာတွင် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ဆက်စပ်ဖြစ်ပေါ်လာသည့် ကိစ္စရပ်များတွင် မည်သူ၌ တာဝန်ရှိသည်ဟု ဖော်ထုတ်မည်ဖြစ်သည်ဟု ပြောကြားသည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လနှောင်းပိုင်းတွင် လူပေါင်း ၇၀၀,၀၀၀ ခန့် ဘင်္ဂလားဒေရှ့်နိုင်ငံဘက်သို့ ထွက်ပြေးသွားစေခဲ့သည့် မြန်မာစစ်တပ်၏ စစ်ဆင်ရေးများအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ရိုဟင်ဂျာ မူဆလင်များအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု၊ သတ်ဖြတ်မှုနှင့် အဓမ္မပြုကျင့်မှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။

မြန်မာနိုင်ငံအား အပြည်ပြည်ဆိုင်ရာ တရားရုံး (ICC) သို့ လွှဲပြောင်းနိုင်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံများသို့ ပြီးခဲ့သည့် မေလက လာရောက်ခဲ့ပြီး စွပ်စွဲမှုများအား လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် မြန်မာအစိုးရကို အကြံပြုခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်က ဖွဲ့စည်းခဲ့သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် မြန်မာအဖွဲ့ဝင်နှစ်ဦးနှင့်အတူ နိုင်ငံတကာမှနှစ်ဦး ပါဝင်နေသည့်အတွက် အမျိုးသားရေးဝါဒီများနှင့် တပ်မတော်ဘက်မှ ဝေဖန်ခဲ့ကြသည်။ ကော်မရှင်ဖွဲ့စည်းမှုအား ကန့်ကွက်သည့် ၎င်းတို့၏အဆိုမှာမူ အမျိုးသားလွှတ်တော်၌ ပယ်ချခံခဲ့ရသည်။

သတင်းစာရှင်းလင်းပွဲတွင် ကုလသမဂ္ဂဆိုင်ရာ ဂျပန်အမြဲတမ်းကိုယ်စားလှယ်ဟောင်း၊ ကော်မရှင်အဖွဲ့ဝင် မစ္စတာ ကင်ဇိုအိုရှီးမားက မြန်မာအစိုးရနှင့် လုံခြုံရေးတပ်ဖွဲ့များဘက်က ၎င်းတို့ ပူးပေါင်းဆောင်ရွက်မည်ဟု ၎င်းတို့အနေဖြင့် စိတ်ချယုံကြည်ကြောင်းနှင့် “သက်ဆိုင်ပြီး ယုံကြည်စိတ်ချရသည့် သတင်းအချက်အလက်များ အားလုံး” ကို ရရှိနိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ပြောကြားသည်။

ကော်မရှင်အဖွဲ့ဝင်များနှင့် မေးမြန်းခြင်းခံရသူများအနေဖြင့် နှောက်ယှက်မှုများ မခံရစေရန် ကာကွယ်မှုပေးမည်ဖြစ်ကြောင်း အစိုးရထံမှ အာမခံချက်ကို ၎င်းတို့ ရရှိခဲ့သည်ဟု ဆိုသည်။

“ကျွန်မတို့ ဘာတွေ အောင်မြင်ပြီး မြောက်နိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး ယုံကြည်မှုမရှိရင် ကျွန်မလည်း ဒီနေရာကို ရောက်နေလိမ့်မှာ မဟုတ်ပါဘူး” ဟု မယ်နာလိုက ပြောသည်။

မြန်မာဘက်မှ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌဟောင်း ဦးမြသိန်းနှင့် ရခိုင်ပြည်နယ် ပြန်လည် တည်ဆောက်ရေးအတွက် အစိုးရကဖွဲ့စည်းထားသည့် အဖွဲ့ခေါင်းဆောင် ဒေါက်တာအောင်ထွန်းသက်တို့ ပါဝင်သော အဆိုပါကော်မရှင်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တာဝန်ရှိသူများနှင့် သြဂုတ် ၁၅ ရက်နေ့က တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် ကော်မရှင်၏ လုပ်ငန်းတာဝန် သတ်မှတ်ချက် အတည်ပြုရေးနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သည်ဟုဆိုသော်လည်း ပြင်ပသို့ ထုတ်ဖော်ပြောကြားခြင်းမရှိသလို သတင်းစာရှင်းလင်းပွဲ၌လည်း ၎င်းတို့အဆိုပြုထားသည့် လုပ်ငန်းစီမံကိန်းများနှင့် ပတ်သက်ကာ အဖွဲ့ဝင်များက ရှင်းလင်းပြောကြားခြင်း မရှိပေ။ ကော်မရှင်အနေဖြင် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်ရန် ရှိမရှိ သတင်းထောက်တစ်ဦးက မေးမြန်းရာတွင် အိုရှီးမားက “အတော်လေး ဖြစ်နိုင်ခြေရှိပါတယ်” ဟု ဖြေကြားသည်။

ကော်မရှင်အနေဖြင့် လွတ်လပ်မှုရှိရန်၊ ဘက်လိုက်မှုကင်းရန်၊ ဓမ္မဓိဌာန်ကျရန်၊ သမာသမတ်ရှိရန်၊ ပွင့်လင်းမြင်သာမှုရှိရန်နှင့် ယုံကြည်စိတ်ချမှုရှိရန်ကိုလည်း ၎င်းတို့က ကတိပြုခဲ့သည်။ ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံ၏ ဥပဒေများကို လိုက်နာသွားမည့်အပြင် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေများကိုလည်း ကိုးကားဆောင်ရွက်သွားမည်ဟု ဆိုသည်။

မကြာမီတွင် အတွင်းရေးမှူးရုံးနှင့် ဝက်ဘ်ဆိုက်ကို မကြာမီ တည်ထောင်သွားမည်ဖြစ်ကာ ဥပဒေဆိုင်ရာ ကျွမ်းကျင်သူများနှင့် နိုင်ငံတကာကျွမ်းကျင်ပညာရှင်များကို လိုအပ်သလို ခေါ်ယူသွားမည်ဟု မယ်နာလိုနှင့် အိုရှီးမားတို့က ပြောသည်။ အကြံပြုချက်များ ပါဝင်သည့် နောက်ဆုံးအစီရင်ခံစာကို သမ္မတထံ ၁၂ လအတွင်း ပေးအပ်သွားမည်ဖြစ်သည်။ နောက်ထပ်ရက်သတ္တပတ်နှစ်ပတ်အကြာတွင် ကော်မရှင်အဖွဲ့ဝင်များ ထပ်မံတွေ့ဆုံမည်ဟု ၎င်းတို့က ပြောသည်။

ယခုကဲ့သို့ ကြိုးပမ်းမှုမှာ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နိုင်ငံများအတွင်း ပူးပေါင်းဆောင်ရွက်မှုအဖြစ် မယ်နာလိုက ထပ်တလည်းလည်း ပြောကြားခဲ့သည်။ “ကျွန်မတို့က ငြိမ်းချမ်းရေးကို ချစ်တယ်။ ကျွန်မတို့က ကြွယ်ဝမှုကို ချစ်တယ်။ ကျွန်မတို့က လုံခြုံမှုကို ချစ်တယ်” ဟု အာဆီယံနိုင်ငံများနှင့် ပတ်သက်ပြီး ၎င်းကပြောသည်။ အာဆီယံနိုင်ငံများသည် အချင်းချင်း ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူကို လက်ကိုင်ပြုထားကြသည်။

ကော်မရှင်၏ အချိန်တစ်နှစ်ဆိုသည်က “၎င်းတို့၏ လုပ်ငန်းမှာ သင့်လျော်မှုမရှိသည်ကို သေချာသွားစေရန်သာ ဖြစ်စေလိမ့်မည်” ဟု လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (Human Rights Watch) ၏ အာရှဒါရိုက်တာဖြစ်သူ မစ္စတာ ဖိလ်ရောဘင်ဆန်က Frontier ကိုပြောသည်။

“ဒါဟာ နိုင်ငံတကာအသိုင်းအဝိုင်းမှာ အရှိန်မြင့်အောင် လုပ်နေတာက ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့သာ ဖြစ်တယ်ဆိုတာကို မြန်မာအစိုးရက နားလည်မှုမရှိပဲ အချိန်ဆွဲဖို့ ကြိုးစားနေတဲ့ အကွက်နဲ့တူနေပါတယ်။ နေပြည်တော်မှာ ဖြစ်ပေါ်နေတာ မဟုတ်ပါဘူး” ဟု ၎င်းကပြောသည်။

အချက်အလက်ရှာဖွေရေးအဖွဲ့အား ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ၂၀၁၇ ခုနှစ်၊ မတ်လတွင် ဖွဲ့စည်းခဲ့သည်။ အဆိုပါအဖွဲ့က ရခိုင်ပြည်နယ်နှင့် အခြားသောပဋိပက္ခဖြစ်ပွားနေသော နေရာများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးမည်ဖြစ်သည်။ ၎င်းတို့က ဘင်္ဂလားဒေရှ့်ရှိ ဒုက္ခသည်စခန်းများတွင် သက်သေခံထွက်ချက်များ ရယူခဲ့ပြီးဖြစ်သော်လည်း မြန်မာနိုင်ငံသို့ လာရောက်ခွင့် တားမြစ်ခံထားရသည်။ ၎င်းတို့၏ အပြီးသတ်အစီရင်ခံစာကို လာမည့် စက်တင်ဘာတွင် တင်သွင်းမည်ဖြစ်သည်။

မြန်မာအစိုးရက မည်သည့်လုပ်ဆောင်မှုမှမရှိသည့် ကော်မရှင်များ ဖန်တီးတတ်သည့် မှတ်တမ်းရှိသည်ဟု ရောဘတ်ဆန်က ပြောသည်။ အဆိုပါကော်မရှင်များက အစိုးရတပ်ဖွဲ့များ ကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများအား ဖြေလျော့ပေးနေပြီး လွတ်လပ်မှုနှင့် ကျွမ်းကျင်မှုများ ကင်းမဲ့နေသည်ဟု ၎င်းကပြောသည်။

“အဖွဲ့ဝင်တွေအကြောင်းကလွဲလို့ ဒီကော်မရှင်တွေနဲ့ ပတ်သက်ပြီး ရှင်းလင်းမှုမရှိသလို သူတို့တာဝန်တွေကလည်း မရေမရာတွေပါပဲ” ဟု ၎င်းကပြောသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar