ရခိုင်ကိစ္စတွင် တပ်နှင့် ရဲအရာရှိအချို့ကို အရေးယူထား

ဉာဏ်လှိုင်လင်း

ရခိုင်ပြည်နယ် မောင်တောခရိုင်တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခများအပြီးတွင် တပ်မတော်မှ တိုင်းမှူးတစ်ဦး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲမှူးချုပ်တစ်ဦးအပါအဝင် တာဝန်ရှိသူအချို့ကို အရေးယူထားသည်ဟု အစိုးရက ထုတ်ဖော်ပြောဆိုသော်လည်း ချမှတ်ထားသည့် ပြစ်ဒဏ်များနှင့် စပ်လျဉ်း၍မူ ရှင်းလင်းစွာ မသိရသေးပေ။

၂၀၁၇ ခုနှစ်၊ သြဂုတ်လတွင် ရခိုင်ပြည်နယ်က လုံခြုံရေးစခန်းများ တိုက်ခိုက်ခံရမှု၊ ယင်းဖြစ်စဉ်များအပြီး နယ်မြေရှင်းလင်းမှုများပြုလုပ်စဉ် ပေါ်ပေါက်သည့် ဖြစ်စဉ်အချို့နှင့် စပ်လျဉ်း၍ အဆိုပါ ထိပ်ပိုင်းခေါင်းဆောင်များ အပါအဝင်၊ အရာရှိနှင် တပ်ဖွဲ့ဝင်အချို့အပြင် ဒသခံ တိုင်းရင်းသားအချို့ပါ အရေးယူခံထားရခြင်းဖြစ်သည်။

“ပြစ်မှုတွေအတွက် စစ်စည်းကမ်း လုပ်ထုံးလုပ်နည်းနဲ့ အရေးယူထားတာ”ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆိုသည်။ နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် မတ် ၁၅ ရက်နေ့က ပြုလုပ်သည့် ရခိုင်အရေး သတင်းစာရှင်းလင်းပွဲအတွင်း ၎င်းက ယင်းသို့ပြောကြားခြင်းဖြစ်သည်။ သို့သော် ပြစ်မှုပြစ်ဒဏ်များကို အတည်ပြုပြောဆိုခြင်းမရှိသကဲ့သို့ အမည်တပ်ပြောဆိုခြင်းကိုပင် ရှောင်လွှဲခဲ့သည်။

“အောက်တိုဘာ၊ သြဂုတ်(၂၀၁၇)မှာရှိခဲ့တဲ့ တိုင်းမှူး အခုမရှိတော့ဘူး။ ရဲမှူးချုပ်ကလည်း အဲဒီတုန်းကရှိတဲ့ ရဲမှူးချုပ် အခုမရှိတော့ဘူး”ဟု ဦးဇော်ဌေးက ပြောသည်။

လုံခြုံရေးစခန်းများ တိုက်ခိုက်ခံရပြီးနောက် ရခိုင်ပြည်နယ် စစ်တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုးနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ အကြီးအကဲ ရဲမှူးချုပ်သူရစန်းလွင်တို့ကို မူလနေရာများမှ ရွှေ့ပြောင်းထားခြင်း၊ အင်းဒင်ကျေးရွာတွင် လူ ၁၀ ဦးသတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ တပ်မတော်အရာရှိ လေးဦး၊ စစ်သည် သုံးဦး၊ ရဲတပ်ဖွဲ့ဝင် သုံးဦးနှင့် ရွာသား ခြောက်ဦးတို့ကို အရေးယူထားကြောင်း တပ်မတော်က ပြီးခဲ့သည့်လများတွင် တရားဝင် ထုတ်ပြန်ထားသည်။

ထို့အပြင် အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်များအတွင်း ပါဝင်သူ ၁၅၂ ဦး၊ ဆက်စပ်ပါဝင်သူ ၂၃၂ ဦး စုစုပေါင်း ၃၈၄ ဦးကို ဖမ်းဆီးထားပြီး ၂၉ ဦးကို ပြန်လွှတ်ပေးခဲ့ကာ ကျန်သူများကို အကြမ်းဖက်ဥပဒေ၊ လက်နက်ဥပဒေတို့ဖြင့် အရေးယူထားကြောင်း အဆိုပါ ရှင်းလင်းပွဲမှ သိရသည်။ သို့သော် ပြစ်ဒဏ်ချမှတ်မှုပြီးစီးမှု အခြေအနေကိုမူ တိကျစွာ မသိခဲ့ရပေ။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများအပြီးတွင် တပ်မတော်က ဆောင်ရွက်ခဲ့သည့် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဥပဒေမဲ့သတ်ဖြတ်မှု၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကားမှု၊ ဖမ်းဆီးမှုများ အပါအဝင် ကျေးရွာများကို မီးရှို့မှုများကဲ့သို့ လူ့အခွင့်အရေးချိုးဖောက်မှုများတွင် တာဝန်ရှိကြောင်း ခိုင်လုံသည့် အထောက်အထားများ တွေ့ရှိခဲ့သည်ဟုဆိုကာ တာဝန်ရှိသူ ဗိုလ်ချုပ်မောင်မောင်စိုးကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူသွားမည်ဟု အမေရိကန်အစိုးရက ပြီးခဲ့သည့်ဒီဇင်ဘာတွင် ကြေညာခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar