ရက် ၁၀၀ အထူးစီမံချက်ကာလ၏ ရက်ပေါင်း ၄၀ အတွင်း ရန်ကုန်တွင် မူးယစ်ဆေးဝါးအမှုများကို ပုံမှန်ထက် ငါးဆခန့် တိုးမြှင့် ဖမ်းဆီးနိုင်ခဲ့သည်ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကို ကိုးကားကာ ဆင်ဟွာသတင်းဌာနက ရေးသားထားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသည့် ဒဂုံ အထူးစီမံချက်တွင် မေလ ၁ ရက်မှ ဇွန်လ ၉ ရက် အထိ ရက်ပေါင်း ၄၀ အတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ၂၁၀ မှ တရားခံ ၃၁၁ ဦးကို ဖမ်းဆီးရမိခဲ့ရာ ပုံမှန် ဖမ်းဆီးရမိသော အမှုများထက် ငါးဆခန့် တိုးမြှင့် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ပြည်ထဲရေး ဝန်ကြီးဌာနမှ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့ခွဲ (၃) ၏ တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး ဦးကျော်ကျော်မင်းက ဆင်ဟွာသတင်းဌာနကို ဇွန် ၁၀ ရက်နေ့က ပြောကြားခဲ့သည်။
“ရက်ပေါင်း ၄၀ အတွင်းမှာ ဖမ်းမိလိုက်တာတွေက ရန်ကုန်မှာရှိတဲ့ သုံးစွဲသူ လူငယ်တွေကြားထဲမှာ အဓိကကျတဲ့ဟာတွေကို ဖြိုခွင်းလိုက်နိုင်တယ်လို့ သုံးသပ်လို့ရသလို မူးယစ်ဆေးဝါး သုံးစွဲတဲ့သူတွေလည်း ဆေးပြတ်သွားတဲ့အတွက် ဆေးရုံတွေ၊ ပြင်ပ ဆရာဝန်တွေဆီမှာ အများကြီး ကုသဖို့ ကြိုးစားနေကြတယ်။ ဒါက ဖမ်းဆီးတဲ့အနေအထားကနေ အောင်မြင်မှု သွားတွေ့ရတယ်” ဟု ၎င်းကပြောကြားသည်။
မြန်မာနိုင်ငံ၌ ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ မူးယစ်ဆေးဝါးမှု ၂၂,၀၄၄ မှု ဖမ်းဆီးမိခဲ့သည့်အနက် ၂၀၁၆ ခုနှစ် မေလအထိ စိတ်ကြွ ဆေးပြား ၄၃ သန်းအထိ ဖမ်းဆီးရမိထားကြောင်း ဆင်ဟွာက ရေးသားထားသည်။
“လွန်ခဲ့တဲ့ နှစ် ၂၀ က စပြီး ဒီဘက်ပိုင်းမှာ ဘိန်းစိုက်ပျိုးမှု ပြဿနာတင်မက စိတ်ကြွဆေးပြား ထုတ်လုပ်မှု ပြဿနာပါ ရင်ဆိုင်ဖြေရှင်းနေရတဲ့ အပိုင်းဖြစ်ပါတယ်”ဟု ဒုတိယ ရဲမှူးကြီး ဦးကျော်ကျော်မင်းက ပြောသည်။
ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘိန်း ဒုတိယအများဆုံး ထုတ်လုပ်နေသည့် နိုင်ငံဖြစ်သည်။ ထို့အပြင် စိတ်ကြွဆေးများလည်း အမြောက်အများ ထုတ်လုပ်နေပြီး လူငယ်များအတွင်း စိတ်ကြွဆေးသုံးဆွဲမှု များပြားလာခြင်းမှာ နိုင်ငံအတွက် ကြီးမားသည့် ပြဿနာတစ်ခုဖြစ်နေသည်။
ပြီးခဲ့သည့် မေ ၂၈ ရက်နေ့ကလည်း ကွတ်ခိုင်-ကောင်းခါးလမ်းတွင် အမေရိကန်ဒေါ်လာ ၄၂ သန်းခန့် တန်ကြေးရှိသည့် မူးယစ်ဆေးဝါးများကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။
သတင်းပေးချက်အရ မူဆယ်၊ ကွတ်ခိုင် ပူးပေါင်းရဲတပ်ဖွဲ့က ကွတ်ခိုင် ကောင်းခါးလမ်းတွင် စောင့်ဆိုင်း စစ်ဆေးရာ ၁၂ ဘီး ယာဉ်ပေါ်တွင် ပန်းရောင်စိတ်ကြွဆေးပြား ၂၁ သန်းကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု မြန်မာတိုင်း(မ်)က ရေးသားထားသည်။ ထိုအမှုတွင် အဓိက သံသယရှိသူ လျိုဇီရှောင်ဆိုသူမှာ မတ် ၅ ရက်နေ့က မန္တလေးမြို့တွင် ဖမ်းဆီးရမိခဲ့သည့် ဒေါ်လာ သန်း ၃၀ ခန့် တန်ဖိုးရှိသော မူးယစ်ဆေးဝါးများနှင့် ဆက်စပ်မှုရှိနေသည်ဟုလည်း ရဲတပ်ဖွဲ့က ယူဆထားသည်။ ၎င်းမှာ ယနေ့အချိန်အထိ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်သည်။
မူးယစ်ဆေးဝါးများ၊ အထူးသဖြင့် စိတ်ကြွဆေးဝါးများမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ပေါပေါများများ ဝင်ရောက်နေပြီး ပြီးခဲ့သည့်နှစ်ကလည်း ရန်ကုန်မြို့တွင် ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြား အလုံးရေ သန်းနှင့်ချီကာ ဖမ်းဆီးရမိမှုများ ဖြစ်ပွားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ အတားအဆီး မရှိသည့်အတွက် မူးယစ်ဆေးဝါးများ အလွယ်တကူ ဝင်ရောက်လာနိုင်ခြင်းဖြစ်ပြီး ခေတ်မီစစ်ဆေးရေးစက်များ တပ်ဆင်ရန် လိုအပ်ကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ထွန်းအာင်က ပြောကြားခဲ့ကြောင်း မြန်မာတိုင်း(မ်)က မေလအတွင်းက ရေးသားခဲ့သည်။
တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များရှိနေသည့် ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံ၏ ဘိန်းအများဆုံးထွက်ရှိသည့် ဒေသဖြစ်သလို ရွှေတြိဂံဒေသ တစ်ခုလုံးထွက်ရှိမှု၏ ၉၁ ရာခိုင်နှုန်းကို ထုတ်လုပ်နေသည်ဟု ၂၀၁၅ ခုနှစ်အတွက် အရှေ့တောင်အာရှဒေသ ဘိန်းထုတ်လုပ်မှုစစ်တမ်းတွင် ဖော်ပြထားသည်။
သတင်း- Frontier