ရက်သတ္တပတ် တစ်ပတ်အတွင်း မူးယစ်အမှုပေါင်း ၃၅၀ ကျော် ဖမ်းမိ

သြဂုတ် ၅ ရက်နေ့မှ ၁၁ ရက်နေ့အတွင်း မူးယစ်အမှုပေါင်း ၃၅၀ ကျော်မှ တရားခံ ၅၀၀ ခန့်အား ဖမ်းဆီးရမိခဲ့သည်ဟု သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

သမ္မတရုံးက ဖွဲ့စည်းထားသည့် မူးယစ်ဆေးဝါ အထူးသတင်းတိုင်ကြားရေးဌာနသို့ ပေးပို့တိုင်ကြားလာသည့် မူးယစ်ဆေးဝါးသတင်းများနှင့် စပ်လျဉ်းပြီး ဖော်ထုတ်အရေးယူမှုနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်တွင် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့က သီးခြားဖော်ထုတ် ဖမ်းဆီးရမိမှုများကို ဖော်ပြထားခြင်းဖြစ်သည်။

ဖမ်းဆီးရမိသည့် မူးယစ်အမှုပေါင်း ၃၅၈ မှုတွင် တရားခံ၊ အမျိုးသား ၄၃၀ ဦး၊ အမျိုးသမီး ၅၆ ဦးတို့အား ဖမ်းဆီးရမိခဲ့သည်။ ၎င်းတို့နှင့်အတူ ဘိန်းဖြူဂရမ် ၆,၀၀၀ ကျော်၊ အိုက်စ် ဂရမ် ၇,၀၀၀ ကျော်၊ ဘိန်းစိမ်း ဂရမ် ၅,၀၀၀၀ ကျော်၊ စိတ်ကြွဆေးပြား သိန်း ၈၀ ကျော်နှင့်အတူ အခြားသော မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် လက်နက်နှစ်လက်၊ ကျည်ဆံအချို့နှင့် လက်ပစ်ဗုံးတစ်လုံကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟုဆိုသည်။

ထိုကာလအတွင်း စိတ်ကြွဆေးပြား အများအပြား ဖမ်းဆီးရမိမှုအနေဖြင့် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ယမ်းခေါင်ကျေးရွာအနီး လွယ်စီတုံ-မိုင်းဟဲကားလမ်းပေါ်၌ ပိတ်ဆို့စစ်ဆေးနေစဉ် မော်တော်ယာဉ်နှစ်စီးက မောင်းနှင်ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ တရားခံအမျိုးသားတစ်ဦး ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့ပြီး ၎င်းယာဉ်နှစ်စီးပေါ်မှ စိတ်ကြွဆေးပြား ၇,၈၂၀,၀၀၀ အား ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သမ္မတရုံး၏ မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာနသို့ တိုင်ကြားလာသော သတင်းများကိုလည်း ဖမ်းဆီးအရေးယူလျက်ရှိရာ သြဂုတ် ၁၁ ရက်နေ့အထိ အမှုပေါင်း ၁၃၉ မှုမှ တရားခံ အမျိုးသား ၁၇၅ ဦး၊ အမျိုးသမီး ၃၅ ဦး၊ စုစုပေါင်း ၂၁၀ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ ရောင်းဝယ်ဖောက်ကားမှုများနှင့် စပ်လျဉ်းပြီး သတင်းပေး တိုင်ကြားနိုင်မည့် “မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာန” တစ်ခုအား သမ္မတရုံး၌ ဖွဲ့စည်းထားပြီးဖြစ်သည်ဟု သမ္မတဦးဝင်းမြင့်က ဇွန် ၂၆ ရက်နေ့တွင် ပြောကြားခဲ့သည်။ ထိုဌာနသို့ တိုင်ကြားမှုများအား ဖမ်းဆီး အရေးယူရန်အတွက် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးအဖွဲ့အား ဖွဲ့စည်းထားပြီးဖြစ်သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ထို့နောက် ဖမ်းဆီးရမိသည့် မူးယစ်ဆေးရောင်းဝယ်သူများ၏ ပိုင်ဆိုင်မှုများအား သတင်းပေးသူ၊ ဖမ်းဆီးသူနှင့် အစိုးရတို့ အချိုးကျ ခွဲဝေသွားမည်ဖြစ်သည်။ သို့သော် သတင်းပေးသူအား လျှို့ဝှက်ပေးထားမည်ဖြစ်သည့်အပြင် ဆုချီးမြှင့်မှုများကိုလည်း သတင်းထုတ်ပြန်မည်မဟုတ်ဟု ဆိုသည်။

ယခုလအတွင်း ဖမ်းဆီးရမိသည့် မူးယစ်အမှုများတွင် လူသိများသည့် အနုပညာရှင်များ ပါဝင်လာသည်ကို တွေ့ရသည်။

အဆိုတော် ရွှေထိုက်အပါအဝင် ခုနစ်ဦးအား စိတ်ကြွဆေးပြား ၁၂,၀၀၀ ခန့်နှင့်အတူ သြဂုတ် ၉ ရက်နေ့က ဖမ်းဆီးရမိခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ထို့ပြင် အဆိုတော် ရသအပါအဝင် သုံးဦးအား စိတ်ကြွဆေးပြား ၁၆၀၀ ခန့်နှင့်အတူ မန္တလေးမြို့ရှိ ဧည့်ရိပ်မွန်တစ်ခုတွင် သြဂုတ် ၁၅ ရက်နေ့၊ နံနက် ၁ နာရီခန့်က ဖမ်းဆီးခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar