ယူအင်န်အက်ဖ်စီ ညီလာခံနောက်ဆုံးနေ့ကို ချင်းမိုင်အခြေစိုက်သတင်းထောက်များ သပိတ်မှောက်

ရန်ကုန်၊ ဇွန် ၂၆

ယနေ့ ကျင်းပတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ညီလာခံနောက်ဆုံးနေ့ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အခြေစိုက်သတင်းထောက်တွေက သပိတ်မှောက်လိုက်ကြတယ်လို့ ဧရာဝတီသတင်းဌာန၊ အကြီးတန်းသတင်းထောက် ကိုကျော်ခက Frontier ကို ပြောပါတယ်။

ချင်းမိုင်မြို့မှာ ဇွန် ၂၀ ရက်ကစပြီး ပြုလုပ်နေတဲ့ UNFC ညီလာခံမှာ လွတ်လပ်စွာ သတင်းရယူခွင့်၊ ရေးသားဖော်ပြခွင့်တွေကို ကန့်သတ်တာတွေ လုပ်လာတဲ့အတွက် ဒါကို လက်မခံနိုင်တဲ့အကြောင်း သိသာစေဖို့ အခုလို ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

“တိုက်တွေအနေနဲ့တော့ မဟုတ်ပါဘူး။ တိုက်တွေကတော့ ငြိမ်းချမ်းရေး သတင်းရေးနေတဲ့ သတင်းထောက်တွေ တစ်ဦးချင်း ဆုံးဖြတ်ချက်အနေနဲ့ မှောက်တာပါ” လို့ ကိုကျော်ခက ပြောပါတယ်။

မြန်မာပြည်တွင်းမှာ ရုံးစိုက်ထားတဲ့ ဧရာဝတီ၊ လွတ်လပ်တဲ့အာရှအသံ RFA နဲ့ မဇ္ဈိမသတင်းဌာနတွေဟာ ချင်းမိုင်မြို့မှာ သတင်းထောက်တွေ ထားရှိလုပ်ကိုင်နေကြတာဖြစ်ပြီး ဒီကနေ့ UNFC ညီလာခံသပိတ် မှောက်မှုမှာ ဌာနသုံးခုစလုံးက ဒေသအခြေစိုက် သတင်းထောက်တွေ ပါဝင်တယ်လို့ သိရပါတယ်။

“အဓိကက သတင်းမှန် ထုတ်ပြန်နိုင်ဖို့အတွက် သတင်းထောက်တွေကို တင်းကြပ်မှုတွေ လုပ်လာလို့ ခုလိုလုပ်တာပါ” လို့ ကိုကျော်ခက ရှင်းပြပါတယ်။

UNFC ညီလာခံ ပထမပိုင်းရက်တွေမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှုတ်ထွက်စာတင်တာ၊ အသစ်ပါဝင်ဖို့ ကချင်အမျိုးသား အစည်းအရုံး KNO ၊ ဇိုမီး ပြန်လည်ပေါင်းစည်းရေး အစည်းအရုံး ZRO ၊ ကူကီးအမျိုးသား အစည်းအရုံး KNO ၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA တို့ လျှောက်ထားတယ်ဆိုတဲ့ သတင်းတွေ ရေးသားတာကို UNFC တာဝန်ရှိသူတွေဘက်က ကျေနပ်မှုမရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် အဖွဲ့ဝင်အသစ် လျှောက်ထားမှုတွေ ရှိနေဆိုတဲ့သတင်းတွေ ရေးသားဖော်ပြပြီးချိန်မှာ အစိုးရဘက်က အသစ်တွေထပ်ထည့်ရင် ဆွေးနွေးမှုတွေ မလုပ်နိုင်ဘူးလို့ သတိပေးခံရတဲ့ကိစ္စကိုလည်း UNFC ခေါင်းဆောင်အချို့က မကျေနပ်ကြဘဲ သတိပေးတယ်ဆိုတဲ့စာသားအစား အကြောင်းကြားတယ်ဆိုတဲ့ အသုံးအနှုန်း ပြင်ဆင်ရေးသားပေးဖို့အထိကို လွှမ်းမိုးဖို့ ကြိုးပမ်းတာမျိုးတွေ ဖြစ်လာတယ် လို့လည်း ကိုကျော်ခက ပြောပါတယ်။

“အစည်းအဝေး ဆုံးဖြတ်ချက်တွေကိုလည်း နောက်ဆုံးနေ့ အပြီးမှာပဲ ပေးမယ်၊ ကြားထဲက ဆုံးဖြတ်ချက်တွေကိုလည်း ဖြေမပေးနိုင်ဘူးဆိုပြီး တင်းကျပ်ထားတယ်။ တခြားခေါင်းဆောင်တွေကိုလည်း ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး မီဒီယာတွေကို မပြောဖို့ အစည်းအဝေးထဲမှာ ကြေညာတယ်” လို့ ကိုကျော်ခက ဆိုတယ်။

ဒါ့အပြင် သတင်းထောက်တွေကို အစည်းအဝေးခန်းမနား မကပ်ဖို့ မောင်းထုတ်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ကိုကျော်ခကတော့ သပိတ်မှောက်ဖို့ ဆုံးဖြတ်တာဟာ ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့်ကို ထိခိုက်စေဖို့ မဟုတ်သလို ဒေါသအလျောက် လုပ်တာလည်း မဟုတ်ပါဘူးလို့ ရှင်းပြပါတယ်။

“ဒီအဖွဲ့အစည်းတွေက ပြည်သူတွေသိသင့်တဲ့ ဆွေးနွေးချက် အကြောင်းအရာတွေကို အတင်းအကျပ် ပိတ်ပင်မှုတွေ လုပ်နေတယ်ဆိုတာကို သိစေချင်တဲ့ သတင်းမက်ဆေ့ပေးရုံသက်သက်ပါ” လို့ သူက ဆိုတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး UNFC ခေါင်းဆောင်တချို့ထံ Frontier က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပေမဲ့ မအောင်မြင်သေးပါဘူး။

သတင်း – ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar