နေပြည်တော် စက်တင်ဘာ ၆
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့်ကိစ္စများကြောင့် ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို အသုံးချပြီး ယုံကြည်မှု အစွန်းရောက်သူများက ဆူပူမှုဖြစ်အောင်လုပ်မည်ဆိုသည့် အန္တရာယ်ကလည်း ရှိနေပြန်ကြောင်း နိုင်ငံတော်သမ္မတဦးထင်ကျော်က ယနေ့သတိပေးပြောကြားလိုက်သည်။
ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ကျင်းပခဲ့သည့် ရခိုင်ပြည်နယ်အရေးကိစ္စများနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာများ ရှင်းလင်းတင်ပြသည့် အခမ်းအနားတွင် ဦးထင်ကျော်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်ဟု သမ္မတရုံးက သတင်းထုတ်ပြန်သည်။
“ယခင်ကလည်း ထိုသို့ဆူပူမှုများ ဖြစ်ပေါ်စေရန် လုပ်ဆောင်ခဲ့ကြသည်များကို တွေ့နိုင်ကြောင်း” ဦးထင်ကျော်ကပြောကြားခဲ့သည်။
ထိုကဲ့သို့ လုပ်ဆောင်လာသည့် အခြေအနေမျိုးတွင် လုံခြုံရေးအဖွဲ့အစည်းများအနေဖြင့် ဥပဒေနှင့်အညီ ထိထိရောက်ရောက် ဟန့်တားပေးရန်လိုအပ်သည်ကို အလေးအနက်ထား ပြောလိုကြောင်း သမ္မတက ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။
အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးကျော်တင့်ဆွေ၊ ဒေါက်တာဝင်းမြတ်အေး၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဦးသောင်းထွန်းနှင့် ဒုတိယဝန်ကြီးဦးမင်းသူတို့ တက်ရောက်ခဲ့ကြသည်။
“အကြမ်းဖက်မှုများ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရန် လိုအပ်သလို တစ်ဖက်တွင်လည်း ပြည်သူများ၏ စိုးရိမ်ကြောင့်ကြမှုများကို အခွင့်ကောင်းယူ၍ သွေးထိုးလှုံ့ဆော်မည့်သူများကို အချိန်မီ ဟန့်တားနိုင်ရေး၊ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားရန် မှာကြားလိုကြောင်း” သမ္မတက နိဂုံးချုပ်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။