မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က မတ် ၁၀ ရက်နေ့တွင် ပြောကြားကြောင်း အေအက်ဖ်ပီသတင်းဌာနက ရေးသားထားသည်။
အဆိုပါတိုက်ခိုက်မှုသည် ရခိုင်ပြည်နယ်မြို့တော် စစ်တွေ၏ မြောက်ဘက် တစ်နာရီခန့် ခရီးအကွာအဝေးတွင်ရှိသည့် ပုဏ္ဍားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာတွင် မတ် ၉ ရက်နေ့ ညဘက်နှောင်းပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ရဲကင်းစခန်းဝင်း မြေပြင်ပေါ်ရှိ သွေးအိုင်များထဲ၌ လဲကျနေသည့် ရုပ်အလောင်းများအား စောင်များဖြင့် ဖုံးအုပ်ထားသည်ကို မြင်တွေ့ရသည်ဟု အေအက်ဖ်ပီက ရေးသားထားသည်။
“ရဲတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိကာ တစ်ဦးပျောက်ဆုံးနေပါတယ်”ဟု အဆင့်မြင့်ရဲအရာရှိကြီးတစ်ဦးက အေအက်ဖ်ပီကို ပြောကြားသည်။
အစိုးရ၏ ထုတ်ပြန်ချက်ထဲတွင်လည်း ရဲ ၉ ဦးသေဆုံးပြီး ၁ ဦး ပျောက်ဆုံးနေကြောင်း အတည်ပြု ဖော်ပြထားသည်။ အဆိုပါတိုက်ခိုက်မှုကို အေအေအဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟုလည်း အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ယိုးတရုတ်ရဲကင်းစခန်းအား မတ် ၉ ရက်နေ့၊ ည ၁၁ နာရီ မိနစ် ၂၀ ခန့်က စတင်ကာ အေအေအဖွဲ့ အင်အား ၆၀ ခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မိနစ် ၃၀ ခန့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။
အဆိုပါ ရဲကင်းစခန်းသည် ယိုးတရုတ်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာစစ်ဌာန၏ မေးခွန်းလွှာနှင့် အဖြေလွှာများအား ထိန်းသိမ်းသည့် လုပ်ငန်းတာဝန် ထမ်းဆောင်နေခြင်းဖြစ်သည်ဟုလည်း ဆက်လက်ဖော်ပြထားသည်။
ပြင်ပသို့ ထွက်ပေါ်လာသည့် ရဲမှတ်တမ်းအရ ထိုရဲကင်းစခန်းမှ လက်နက်များကိုလည်း ယူဆောင်သွားကြသည်ဟု အေအက်ဖ်ပီက ရေးသားထားသည်။
တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းကမှ တာဝန်ရှိကြောင်း ထုတ်ဖော်ကြေညာခြင်းမရှိသေးသလို အေအေအဖွဲ့ထံကိုလည်း ဆက်သွယ် မေးမြန်းနိုင်ခြင်းမရှိသေးဟု ဆက်လက်ရေးထားသည်။
အဆိုပါတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများအား ဆောင်ရွက်နေဆဲဖြစ်သည်ဟု ဒေသခံအုပ်ချုပ်ရေးမှူးတစ်ဦးက အတည်ပြုပြောကြားသည်။
ဇန်နဝါရီ ၄ ရက်နေ့၊ လွပ်လပ်ရေးနေ့ကလည်း ရခိုင်ပြည်နယ်ရှိ ရဲကင်းစခန်းများကို အေအေအဖွဲ့က အလစ်ဝင်ရောက်တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့သည်။ ထိုတိုက်ခိုက်မှုအပြီးတွင် အေအေအဖွဲ့အား ရှင်းလင်းရန်အတွက် တပ်မတော်က စစ်ဆင်ရေးများကို တိုးမြှင့်ဆောင်ရွက်လာခဲ့သည်။
၂၀၀၉ ခုနှစ်က စတင်တည်ထောင်ခဲ့သည့် အေအေအဖွဲ့သည် ယခုအခါ အင်အားကြီးထွားလာပြီး အဖွဲ့ဝင် ထောင်ဂဏန်းအထိ ရှိနေပြီဟု လေ့လာသူများက ခန့်မှန်းထားကြသည်။
ပြီးခဲ့သည့်လများအတွင်း အစိုးရတပ်များနှင့် အေအေတို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး ဒေသခံအများအပြားလည်း နေရပ်များကို စွန့်ခွာထွက်ပြေးနေကြရသည်။