ယာဉ်မတော်တဆမှုကြောင့် မြန်မာကစားသမားနှစ်ဦး ပြိုင်ပွဲနှင့် လွဲချော်

ကွာလာလမ်ပူ၊ သြဂုတ် ၂၂

ယမန်နေ့က ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် မြန်မာ Squash အသင်းမှ အားကစားသမားနှစ်ဦး အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှ နုတ်ထွက်ခဲ့ရသည်။ အားကစားရုံသို့အသွားတွင် ဖြစ်ပေါ်ခဲ့သည့် ဘတ်စ်ကားတိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် အားကစားသမားရှစ်ဦးတွင် ၎င်းတို့နှစ်ဦးလည်း အပါအဝင်ဖြစ်ကာ နှစ်ယောက်တွဲပြိုင်ပွဲမှ နုတ်ထွက်ခဲ့ရခြင်းဖြစ်သည်ဟု အားကစားပွဲစီစဉ်သူများက ပြောကြားသည်။

အေးအေးသင်းနှင့် အိအိပြုံးတို့မှာ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲမှ နုတ်ထွက်ခဲ့ရသလို အမျိုးသမီး၊ အမျိုးသား စုံတွဲပြိုင်ပွဲတွင်လည်း ၎င်းတို့နေရာအတွက် လူစားထိုးရမည်ဖြစ်သည်ဟု အားကစားပွဲ ကော်မတီအတွင်းရေးမှူး Low Beng Choo က ပြောကြားသည်။

ယာဉ်တိုက်မှုကြောင့် မြန်မာအားကစားသမားများနှင့် ဖိလစ်ပိုင်နည်းပြတို့တွင် ခြေထောက်ဒဏ်ရာအနည်းငယ် ရရှိသွားခဲ့ကြသော်လည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသူမရှိဟု မလေးရှားရဲတပ်ဖွဲ့က ပြောကြားသည်။ အေးအေးသင်းနှင့် အိအိပြုံးတို့မှာ ဟိုတယ်တွင် အနားယူနေကြသည်ဟု ယမန်နေ့က ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်ထဲတွင် Low က ပြောကြားသည်။

အားကစားသမားများနှင့် တာဝန်ရှိသူများအား တင်ဆောင်လာသည့် ဘတ်စ်ကားနှစ်စီးမှာ Squash ပြိုင်ပွဲကျင်းပမည့်နေရာသို့ သွားနေစဉ် ရှေ့မှ ဘတ်စ်ကားက ရုတ်တရက် ဘရိတ်အုပ်လိုက်သဖြင့် နောက်မှ ဘတ်စ်ကားက ရှေ့ကားကို ဝင်ရောက်တိုက်မိခြင်းဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် ပြိုင်ပွဲပထမနေ့အစီအစဉ်များကို ကျင်းပသူများက ဆိုင်းငံ့ထားလိုက်သော်လည်း ညနေပိုင်းတွင် ပြိုင်ပွဲများ ပြန်လည်ကျင်းပခဲ့သည်။

ယခုဖြစ်ရပ်မှာ အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင် မြန်မာအသင်းအတွက် သွားလာပို့ဆောင်ရေးနှင့် ပတ်သက်ပြီး ပထမဆုံးဖြစ်ပေါ်ခဲ့သည့် ပြဿနာမဟုတ်ပေ။ အမျိုးသမီးဘောလုံးအသင်းမှာလည်း ၎င်းတို့ဘတ်စ်ကားမောင်းသူအား ရဲတပ်ဖွဲ့က ဖမ်းဆီးသွားသောကြောင့် ပွဲအပြီးတွင် ဟိုတယ်သို့ပြန်ရန် နှောင့်နှေးမှုများ ပေါ်ပေါက်ခဲ့ရသေးသည်။

ပြိုင်ပွဲများ စုံညီစွာ စတင်ကျင်းပသည့် တနင်္ဂနွေနေ့ကလည်း မှားယွင်းမှုတစ်ခု ပေါ်ပေါက်ခဲ့ရသေးသည်။ ပြိုင်ပွဲအတွက် အမှတ်တရ ထုတ်ဝေသည့် မဂ္ဂဇင်းတွင် အင်ဒိုနီးရှားအလံအား ပြောင်းပြန်ရိုက်နှိပ်ခဲ့မှုကြောင့် မလေးရှားက အင်ဒိုနီးရှားကို တောင်းပန်ခဲ့ရသေးသည်။

သတင်း-အေအက်ဖ်ပီ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar