ယာဉ်တိုက်မှုအတွက် YRTA က တရားဝင် တောင်းပန်သင့်ဟု လွှတ်တော်အမတ်ပြောကြား

ရန်ကုန်၊ ဇူလိုင် ၁၀

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဖြစ်ပေါ်ခဲ့သည့် YBS ဘတ်စ်ကားနှစ်စီး တိုက်မှုကြောင့် ခရီးသည်များ သေဆုံးခဲ့ရမှုနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အနေဖြင့် ပြည်သူလူထုအား တရားဝင် တောင်းပန်သင့်သည်ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

“ယာဉ်မောင်းသမားကြောင့်ဆိုပေမယ့် ယာဉ်တိုက်မှုက YBS ကြောင့်ဖြစ်တာဆိုတော့ YRTA ကနေ ပြည်သူလူထုကို တရားဝင် တောင်းပန်သင့်ပါတယ်” ဟု ဒဂုံမြို့နယ် မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ယနေ့ပြောကြားသည်။

ယနေ့ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးအပြီးတွင် ၎င်းက သတင်းထောက်များကို ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင် ၇ ရက်နေ့က ရန်ကုန်ပြည်လမ်းမကြီး ရေစင်မှတ်တိုင်အနီးတွင် YBS ၃၇ ယာဉ်အား YBS ၅၅ ယာဉ်က ဝင်ရောက်တိုက်မိမှုကြောင့် ခရီးသည် ၁၀ ဦးသေဆုံးကာ ၃၀ ကျော် ဒဏ်ရာရရှိခဲ့မှုကို ရည်ညွှန်းပြီး ဦးကျော်ဇေယျက ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

ထိုသို့ ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ရန်ကုန်နှင့် တိုက်ကြီးပြေးဆွဲနေသည့် YBS ၅၅ ယာဉ်လိုင်းအား ဖျက်သိမ်းရန် YRTA က ဇူလိုင် ၈ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ရာ ထိုသို့ ဖျက်သိမ်းခဲ့မှုကိုလည်း ဦးကျော်ဇေယျက ဝေဖန်ခဲ့သည်။

“ဒီနေ့ဆိုရင် ကျွန်တော် မင်္ဂလာဒုံထောက်ကြံ့ကနေ လာတာပေါ့။ ၅၅ ယဉ်လိုင်းကို ဖျက်သိမ်းလိုက်တယ်ဆိုတော့ ၃၉ ယာဉ်လိုင်းကို စုပြုံပြီး စီးနေရတော့ ခရီးသည်တွေ ပြုံပြီး ထပ်နေတယ်။ ၅၅ ယာဉ်လိုင်းကို ဖျက်သိမ်းလိုက်တော့ အစားမထိုးနိုင်ဘူးလေ။ အစားထိုးရမယ့်ဟာကို မြန်မြန်လုပ်သင့်တဲ့ဟာကို မြန်မြန် မလုပ်နိုင်ဘူးလေ။ ပြီးရင် ကျွန်တော်တို့က စီမံချက်တွေ အောက်နေတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“YBS ရဲ့ ၅၅ ယာဉ်လိုင်း ဖျက်သိမ်းလိုက်ပြီလို့ကြေညာလိုက်ပေမယ့် ဒုက္ခရောက်တာက ပြည်သူတွေပဲ ဒုက္ခရောက်တယ်။ အဲဒီတော့ ၅၅ ယာဉ်လိုင်းမှာလည်း ကောင်းတဲ့လူတွေရှိမှာပေါ့။ အဲဒါကို အစားမထိုးပဲနဲ့ ဖျက်သိမ်းလိုက်တော့ ပြည်သူတွေ ဒီနေ့ မှတ်တိုင်တွေမှာ လူတွေများနေတယ်။ ပြုံတိုးနေရတယ်။ ဒါလေးတွေကို စီမံဖို့လိုတာပေါ့” ဟု ဦးကျော်ဇေယျက ပြောကြားသည်။

“မထသကိုဖျက်သိမ်းပြီး YBS စနစ်ဖြစ်လာတာက အချိန်တောင် ခြောက်လပြည့်တော့မယ်။ ကျွန်တော်တို့လည်း ဒီနေ့ထိ လွတ်တော်မှာ ပြည်သူတွေစိတ်ပျက် YBS လို့ပြောတာလည်း လက်မခံပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယနေ့ခေါ်ယူခဲ့သည့် လွှတ်တော် အရေးပေါ် အစည်းအဝေးကိုလည်း YBS ကိစ္စဆွေးနွေးရန် ခေါ်ယူခြင်းဖြစ်သည်ဟု မူလက ထင်မှတ်ခဲ့သည်ဟု ဆိုသည်။

“အရေးပေါ်အစည်းအဝေး ခေါ်တယ်ဆိုတော့ကာ ကျွန်တော်တို့ မဲဆန္ဒရှင်က ဘာပြန်ပြောလဲဆိုတော့ ဟာ..ဦးကျော်ဇေယျ နယ်လုံဝန်ကြီးက ခန့်ပြီးသွားပြီလေ။ ခင်ဗျားတို့ အရေးပေါ်အစည်းအဝေးကြီးက YBS ကိစ္စလား၊ ယာဉ်တိုက်မှုဖြစ်တဲ့ကိစ္စလားဆိုပြီးတော့တောင် ကျွန်တော့်ကို ပြောကြပါတယ်။ မှန်ပါတယ် သူတို့မျှော်လင့်နေတာ” ဟု ဦးကျော်ဇေယျကပြောကြားသည်။

သို့သော် ယနေ့ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးတွင်မူ ရန်ကုန်တိုင်းဒေသကြီး၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်မည့် ဗိုလ်မှူးကြီးအောင်စိုးမိုးနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားကို ရယူခြင်းနှင့် အစိုးရအဖွဲ့က အကောင်အထည်ဖော်မည့် ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပတ်သက်ပြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က လွှတ်တော်တွင် တင်ပြသည့် အစီအစဉ်သာ ပါဝင်ခဲ့သည်။

ထို့သို့ ဝန်ကြီးသစ်ခန့်အပ်ခြင်းနှင့် ပတ်သက်ပြီး လွှတ်တော်၏ သဘောထားရယူရာတွင်လည်း ဝန်ကြီး၏ အရည်အချင်းများကို ပြည့်ပြည့်စုံစုံဖော်ပြထားခြင်းမရှိဟု ဦးကျော်ဇေယျကပြောကြားသည်။

“နယ်လုံဝန်ကြီး ခန့်တယ်ဆိုတော့ ကိုယ်ရေးအချက်အလက်တွေ ပေးထားတယ်။ သို့သော် ဘယ်အပတ်စဉ် ဆင်းဆိုတာတောင်မှ မပါဘူး။ အမှန်က ပါသင့်တာပေါ့။ သိမှလည်း သူ့အကြောင်းနဲ့ပတ်သက်လို့ စုံစမ်းလို့ရတာပေါ့” ဟု ၎င်းက လွှတ်တော်တွင် ပြောကြားသည်။

“နောက်တစ်ခါ ဘွဲ့ထူး၊ ဂုဏ်ထူးတံဆိပ်တွေကတော့ ဓါတ်ပုံထဲမှာ ပြူးပြီးတော့ပါတာ တွေ့ရတယ်။ အဲဒါတော့ ကျွန်တော်လည်း ဒုဗိုလ်မှူးကြီးဘဝ စစ်တပ်ကနေတာလာတာ သိတာပေါ့။ ဒါပေမယ့် ဟိုမှာကျတော့ ဖော်ပြမထားဘူး။ ဝန်ကြီးရဲ့ အရည်အချင်တွေကို ပြည့်ပြည့်စုံစုံကို ကျွန်တော်ရဲ့ မဲဆန္ဒရှင်တွေကို ပြောပြချင်တာပေါ့” ဟု ၎င်းကပြောကြားသည်။

“မပြည့်စုံဘူးဆိုတာကို တင်ပြတာနှစ်ခါရှိပြီ။ သို့သော် လက်မခံဘူး။ ပထမအကြိမ်တုန်းကလည်း တရားသူကြီးအဖွဲ့ခန့်တုန်းက မပြည့်စုံဘူးဆိုတာကို တင်ပြတော့ လက်မခံဘူး” ဟု ၎င်းကပြောသည်။

သတင်း-ဆုမြတ်မွန်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar