မှားယွင်းဖမ်းဆီးခံခဲ့ရသည့် သုံးရက်က သုံးကမ္ဘာလောက်ကြာကြောင်း ဖြိုးပြည့်စုံပြော

Frontier

မှားယွင်းဖမ်းဆီးခံခဲ့ရသော အချိန်သုံးရက်မှာ သုံးကမ္ဘာလောက်ကြာခဲ့ရကြောင်း အဆိုတော် ဖြိုးပြည့်စုံနှင့်တေးရေးဆရာသူငယ်ချင်းနှစ်ဦးတို့က ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
၎င်းတို့သုံးဦးသည် မူးယစ်ဆေးဝါးအမှုဖြင့်မှားယွင်းဖမ်းဆီးခံခဲ့ရပြီး သုံးရက်ကြာထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။
“ကျွန်တော်တို့ စိတ်ပိုင်းရောရုပ်ပိုင်းပါထိခိုက်ခံစားခဲ့ရပါတယ်”ဟု ဖြိုးပြည့်စုံကပြောသည်။
အဆိုတော် ဖြိုးပြည့်စုံ၊ တေးရေး ငြိမ်းချမ်းကိုနှင့်ရော်နီစန်းလွင်တို့ သုံးဦးအား လူစည်ကားရာမြန်မာပလာဇာရှိ ကော်ဖီဆိုင်တစ်ခုတွင်အောက်တိုဘာ ၇ ရက် ကမူးယစ်တပ်ဖွဲ့က မှားယွင်းဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လူပုံအလယ်တွင် လက်ထိပ်ခတ်ခံခဲ့ရကာ တေးရေးဆရာတစ်ဦးမှာရိုက်နှက်ခံခဲ့ရသည်။
သို့သော် ၎င်းတို့ဖြစ်ရပ်ကို သင်ခန်းစာယူကာ နောက်နောင်ထိုသို့မပြုလုပ်ရန်မျှော်လင့်ပြီး ရဲတပ်ဖွဲ့အပေါ်လည်းတုန့်ပြန်သွားမည်မဟုတ်ကြောင်း ၎င်းတို့ကပြောသည်။
“မြန်မာပလာဇာက ကျွန်တော်တို့ရဲ့ ဒုတိယအိမ်လိုဖြစ်နေတာ။သူငယ်ချင်းတွေအမြဲဆုံနေကျပါ။ဥပဒေနဲ့မညီတာလည်းဘာမှမလုပ်ခဲ့ဖူး တော့ဒီလိုလူပုံအလယ်မှာအဖမ်းခံရလိမ့်မယ်လို့တစ်ခါမှမတွေးဖူးဘူး”ဟုတေးရေး ရော်နီစန်းလွင်ကပြောသည်။
ယုံကြည်ပေးခဲ့သည့်ပရိသတ်နှင့်ပြည်သူများကိုကျေးဇူးတင်ကြောင်းပြောကြားခဲ့ကြသကဲ့သို့ လူမှုကွန်ရက်တွင် ၎င်းတို့အပေါ် မူးယစ်ဆေးကိစ္စနှင့်မှားယွင်းစွပ်စွဲမှုများကြောင့်လည်း စိတ်မကောင်းဖြစ်ခဲ့ရကြောင်း သူငယ်ချင်း သုံးဦးကပြောသည်။
“အနုပညာသမားဆိုရင်တော့ သေချာပါပြီကွာ ဆိုပြီး စွပ်စွဲမှုတွေက ကျွန်တော်တို့ အသိုက်အဝန်းတစ်ခုလုံးကိုပါထိခိုက်နစ်နာစေပါတယ်။”ဟု ဖြိုးပြည့်စုံကပြောသည်။

ရန်ကုန်မြို့တွင်ပြုလုပ်သော၎င်းတို့၏ ရှင်းလင်းပွဲသို့ တေးသံရှင်နွဲ့ယဉ်ဝင်းနှင့်ဒါရိုက်တာကြည်ဖြူသျှင်တို့လည်းတက်ရောက်စကားပြောကြားခဲ့သည်။
“ဒီဖြစ်စဉ်မှာ သာမန်လူတွေသာဆိုရင်မလွယ်ကူပါဘူး။လူတစ်ယောက်ကို ၂၄ နာရီထက်ပိုမချုပ်ထားသင့်ပါဘူး။အရမ်းနစ်နာပါတယ်”ဟု ဒါရိုက်တာကြည်ဖြူသျှင်ကပြောသည်။
မူးယစ်ရဲတပ်ဖွဲ့က ၎င်းတို့ကိုဖမ်းဆီးပြီးနောက် ဖြိုးပြည့်စုံ၏ကားပေါ်မှတွေ့ရှိသော ယိုးဒယားနိုင်ငံထုတ်သကြားလုံးကို ကတ်တမင်းဟုယူဆခဲ့ကြသည်။
အဆိုပါသကြားလုံးများကို သုံးကြိမ်တိုင်အကြိုစစ်ဆေးခဲ့ပြီးနောက် အမှုဖွင့်ခဲ့ပြီးမှအပြစ်မရှိကြောင်းတွေ့ရှိပြီး အောက်တိုဘာ ၉ ရက်က ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
“သကြားလုံးက ရက်တောင်လွန်နေပြီ။ကျနော်လည်း ဘာစိတ်ကူးနဲ့မလွှင့်ပစ်ခဲ့မိမှန်းမသိဘူး”ဟုဖြိုးပြည့်စုံကပြောသည်။
အဆိုပါ သကြားလုံးများမှာမူးယစ်ဆေးဝါးမဟုတ်ကြောင်း၊ စားကြည့်ပြီးနောက် စိတ်ရောကိုယ်ပါမည်သည့်ပြောင်းလဲမှုမှမရှိကြောင်း ၎င်းကရဲတပ်ဖွဲ့ကိုရှင်းပြခဲ့သည်။
၎င်းတို့ သူငယ်ချင်း သုံးယောက်ကိုလည်း မူးယစ်ဆေးဝါး သုံးစွဲခြင်းရှိမရှိစစ်ဆေးပြီး၊အဆိုပါ သကြားလုံးများကိုလည်း ဓာတုဝန်ရုံးတွင်စစ်ဆေးပြီးနောက် အပြစ်မရှိကြောင်းတွေ့ရှိကာ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

More stories

Related stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar