မွေးရာပါ နှုတ်ခမ်းကွဲ အာခေါင်ကွဲကလေးငယ် ၁၀၀ ကျော်ကို အခမဲ့ ကုသပေး

မြန်မာနိုင်ငံအနှံ့အပြားမှ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးငယ် ၁၀၀ ကျော်အား ရိုထရီကလပ် (ရန်ကုန်) (Rotary Club – Yangon)၊ ဝိတိုရိယဆေးရုံနှင့် အမေရိကန်အခြေစိုက် Alliance for Smiles အဖွဲ့တို့ ပူးပေါင်းပြီး အောက်တိုဘာ ၁၉ ရက်နေ့က အခမဲ့ ခွဲစိတ်ကုသပေးခဲ့သည်။

အဆိုပါကလေးငယ်များကို အမေရိကန်နိုင်ငံမှ ခွဲစိတ်ကုဆရာဝန်ကြီးများ လာရောက်ကာ ဝိတိုရိယဆေးရုံတွင် ခွဲစိတ်ကုသပေးခြင်းဖြစ်သည်။

ကုသမှုခံယူရန် လာရောက်ကြသည့် ကလေးသူငယ်အများစုမှာ ဧရာဝတီတိုင်းဒေသကြီးမှဖြစ်ကြပြီး ချင်းပြည်နယ်၊ ပဲခူးနှင့် ရန်ကုန်တိုင်းဒေသကြီးစသည့် ဒေသအနှံ့အပြားမှလည်း ပါဝင်ကြသည်ကို တွေ့ရှိရသည်။ ၎င်းတို့အတွက် ဆေးကုသစရိတ်အပါအဝင် အခြားကုန်ကျစရိတ်များအား အထက်ပါ အဖွဲ့အစည်းများက ကျခံပေးခဲ့ပြီး နယ်ဝေးမှလာရောက်ကြသည့် ကလေးနှင့်မိဘများ နေထိုင်ရေးအတွက်ကိုမူ ရွှေပါရမီ ဖောင်ဒေးရှင်းက စီစဉ်ပေးခဲ့သည်။

“ကျွန်တော့်ရဲ့ ကွဲနေတဲ့နှုတ်ခမ်းကို ခွဲစိတ်ကုသပြီးသွားရင် အရင်လိုသူများတွေရဲ့ ကဲ့ရဲ့တာ၊ နှိမ်တာ မခံရတော့ဘူးပေါ့”ဟု ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ မဒေါက်မြို့မှ လာရောက်ကုသခံသည့် အသက် ၁၄ နှစ်အရွယ် မောင်ပြည့်ဖြိုးအောင်က Frontier ကိုပြောသည်။

၎င်းအား ငယ်စဉ်ကတည်းက ကုသပေးလိုသော်လည်း ကျပ် ၁၅ သိန်းခန့် ကုန်မည်ဟု သိရပြီးနောက် ကုန်ကျစားရိတ် မတတ်နိုင်၍ မကုသနိုင်သော်လည်း အလွန်စိတ်မကောင်းဖြစ်ခဲ့ရသည်ဟု ၎င်း၏မိခင် လယ်သူမကြီး ဒေါ်ငယ်က ဆိုသည်။

နှုတ်ခမ်းကွဲနေသောကြောင့် မောင်ပြည့်ဖြိုးအောင်အား အရပ်ထဲတွင် “မောင်ကွဲ”ဟု နာမည်ပြောင် ခေါ်ဝေါ်ကြရာမှ “ခွဲစိတ်ကုသပြီးရင်တော့ မောင်ကောင်းလို့ ပြောင်းခေါ်ကြရလိမ့်မယ်”ဟု ၎င်းအား ရွှေကျင်ဘုရားပွဲတွင် ဆုံတွေ့ဖူးသဖြင့် အခမဲ့ကုသမှုအစီအစဉ် ပြုလုပ်ရာဆီသို့ ရှာဖွေ ခေါ်ဆောင်ခဲ့သည့် ရိုထရီကလပ်(ရန်ကုန်)အဖွဲ့ဝင်ဖြစ်သူ Ms. Tahnee Wade က ပြောသည်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှ လာရောက်ကုသမှုခံယူသည့် ဆယ်တန်းကျောင်းသား ချင်းလူမျိုး မောင်နိုင်းထုံကလည်း အာခေါင်ကွဲနေသည့်အတွက် စကားပြောရာတွင် မပီသသဖြင့် ပညာသင်ကြားရန် အခက်အခဲအလွန်ဖြစ်ရကြောင်း ရှင်းပြသည်။

“ကုပြီးလို့ မြို့ပြန်ရောက်ရင် နောက်မွေးလာမယ့် ကလေးတွေ ကိုယ့်လိုမျိုးမဖြစ်အောင် သူငယ်ချင်းတွေကို အာဟာရများများ စားဖို့ပြောမယ်”ဟု သူ့စကားသံကို Frontier သတင်းထောက်က နားလည်စေရန် အကြိမ်ကြိမ်ကြိုးစားပြီး ပြောကြားသည်။

ကုသမှုခံယူရန် လာရောက်သည့် ကလေးသူငယ်အများစုသည် ဒေသန္တရကျန်းမာရေးဝန်ထမ်းများက တဆင့်လည်းကောင်း၊ သတင်းစာများတွင် ကြိုတင်ထည့်သွင်းခဲ့သည့် ကြော်ငြာများမှတဆင့်လည်း ကောင်း သိရှိခဲ့ကြခြင်းဖြစ်သည်။

နှစ်စဉ် ထိုအခမဲ့ကုသမှုအစီအစဉ်ကို ဆောင်ရွက်ခဲ့ရာ ဝိတိုရိယဆေးရုံအနေနှင့်ဆိုလျှင် ယခုအကြိမ် သည် လေးကြိမ်မြောက်ဖြစ်ပြီး၊ ရိုထရီကလပ်(ရန်ကုန်)၊ Alliance for Smiles အဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်မှုအနေနှင့်ဆိုလျှင် ဒုတိယအကြိမ်ဖြစ်သည်။ တစ်ကြိမ်လျှင် ကလေးသူငယ် ၁၀၀ ဦးခန့်အား အခမဲ့ ခွဲစိတ်ကုသပေးခဲ့ကြသည်ဟု သိရသည်။

၂၀၁၇ ခုနှစ်၊ မတ်လတွင်လည်း စစ်ကိုင်းမြို့ရှိ သီတဂူဆေးရုံတွင် အညာဒေသမှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးသူငယ် ၁၀၀ခန့်ကို ယခုကဲ့သို့ အခမဲ့ကုသပေးဦးမည်ဖြစ်သည်ဟု ရိုထရီကလပ် (ရန်ကုန်)မှ မဟေမာမောင်က ပြောကြားသည်။

သတင်း-ကျော်ဖုန်းကျော်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar